AI ခေါ် ဉာဏ်ရည်တုနည်းပညာကြောင့် လူ့အဖွဲ့အစည်းအတွင်း ဖြစ်ပေါ်လာမည့် အပြောင်းအလဲများကို ရင်ဆိုင်ရန် ကမ္ဘာပေါ်ရှိ မည်သည့်အစိုးရမျှ လုံလောက်စွာ အသင့်မဖြစ်သေးကြောင်း မိုက်ခရိုဆော့ဖ် ပူးတွဲတည်ထောင်သူ ဘီလ်ဂိတ်စ်က Reuters သတင်းဌာနနှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။
ဂိတ်စ်သည် ယခင်က AI နည်းပညာအပေါ် အကောင်းမြင်ခဲ့သော်လည်း ယခုအခါ အလုပ်အကိုင်များအပေါ် သက်ရောက်မှု၊ ဆိုက်ဘာတိုက်ခိုက်မှုဆိုင်ရာ အန္တရာယ်များနှင့် AI အဖော်များအပေါ် စွဲလမ်းမှုတို့အပါအဝင် ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်များကို သတိပေးလာခဲ့သည်။
“ဒီကိစ္စနဲ့ပတ်သက်ပြီး အစိုးရတွေဟာ လိုအပ်တဲ့အတိုင်းအတာအထိ နက်နက်ရှိုင်းရှိုင်း လုပ်ဆောင်ထားကြတယ်လို့ ကျွန်တော် မထင်ပါဘူး” ဟု ဂိတ်စ်က ပြောကြားပြီး အစိုးရများသည် AI နှင့်ပတ်သက်၍ “အတော်လေး နောက်ကျကျန်နေပြီ” ဟုလည်း ဆိုသည်။
သို့သော် AI ကို စနစ်တကျ စီမံခန့်ခွဲ၍ လူတိုင်း တန်းတူညီမျှ အသုံးပြုနိုင်စေပါက ကမ္ဘာ့အဆင်းရဲဆုံး လူထုအတွက် အကျိုးပြုနိုင်သည့် အလားအလာ ကြီးမားကြောင်းလည်း ၎င်းက ထောက်ပြခဲ့သည်။
ဂိတ်စ်၏ ဖောင်ဒေးရှင်းက AI နည်းပညာကို ပိုမိုကျယ်ပြန့်စွာ အသုံးပြုနိုင်ရေးအတွက် လာမည့်နှစ်နှစ်အတွင်း အနည်းဆုံး အမေရိကန်ဒေါ်လာ ၁ ဘီလျံ သုံးစွဲမည်ဖြစ်ပြီး ယင်းရန်ပုံငွေများကို ပညာရေး၊ ကျန်းမာရေးနှင့် စိုက်ပျိုးရေးကဏ္ဍများတွင် လုပ်ကိုင်နေသည့် မိတ်ဖက်အဖွဲ့အစည်းများသို့ ပံ့ပိုးသွားမည်ဖြစ်သည်။ ထို့ပြင် လူတို့အသုံးပြုသည့် ဘာသာစကားများစွာဖြင့် AI စနစ်များ အလုပ်လုပ်နိုင်ရေးအတွက် လိုအပ်သည့် ဒေတာအခြေခံအဆောက်အအုံများ ဖွံ့ဖြိုးရေးကိုလည်း ကူညီသွားမည်ဖြစ်သည်။
အထူးသဖြင့် ကျန်းမာရေးကဏ္ဍတွင် AI ၏ အလားအလာသည် အလွန်ကြီးမားပြီး ရှေ့တန်းကျန်းမာရေးဝန်ထမ်းများ၏ လုပ်ငန်းများကို ကူညီပေးနိုင်ခြင်းမှ ဆေးဝါးသစ်နှင့် ကာကွယ်ဆေးများ ရှာဖွေဖော်ထုတ်ရေးအထိ အသုံးချနိုင်ကြောင်း ဂိတ်စ်က ဆိုသည်။
AI ကြောင့် ဖြစ်ပေါ်လာနိုင်သည့် ပြဿနာများကို ကိုင်တွယ်ရာတွင် နိုင်ငံအစိုးရများအကြား ပူးပေါင်းဆောင်ရွက်မှု လိုအပ်ကြောင်းလည်း ၎င်းက အလေးထားပြောကြားခဲ့သည်။ AI ကို “ဂြိုဟ်သားဉာဏ်ရည်” တစ်မျိုးနှင့် နှိုင်းယှဉ်၍ ပြင်ပအန္တရာယ်တစ်ရပ် ရောက်ရှိလာချိန်တွင် နိုင်ငံများ ပူးပေါင်းဖြေရှင်းကြသည့် ရုပ်ရှင်ဇာတ်လမ်းများကဲ့သို့ AI ကိစ္စတွင်လည်း နိုင်ငံများ ပူးပေါင်းလုပ်ဆောင်သင့်ကြောင်း ဂိတ်စ်က ပြောကြားခဲ့သည်။
