မန္တလေး မြရည်နန္ဒာအိမ်ယာတွင် ဒဏ်ရာများဖြင့် သေဆုံးပြီး ပုပ်ပွနေသည့် အမျိုးသမီး အလောင်းတွေ့ရှိ
မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာအိမ်ယာမှ တိုက်ခန်းတစ်ခုအတွင်း ဓားဒဏ်ရာမျဖြင့် သေဆုံးနေပြီး ပုပ်ပွနေပြီဖြစ်သည့် အမျိုးသမီး အလောင်းတစ်လောင်းကို ယနေ့ညနေပိုင်းတွင် တွေ့ရှိခဲ့ရကြောင်း မြရည်နန္ဒာ လူမှုကူညီရေးအသင်းထံမှ သိရသည်။
ချမ်းမြသာစည်မြို့နယ်၊ (၄၅)လမ်းနှင့် (၄၉)လမ်းကြား၊ (၁၁၆)လမ်းနှင့် လမ်း(၁၂ဝ) ကြားရှိ၊ မြရည်နန္ဒာ အိမ်ယာဝန်းရှိ (မမ/၁၆)၊ တိုက်အမှတ်(၉) မှ အခန်းတစ်ခန်းတွင် ဒဏ်ရာများဖြင့် လွန်ခဲ့သည့် သုံးရက်ခန့် ကတည်းက သေဆုံးနေသည်ဟု ယူဆရသည့် အမျိုးသမီးတစ်ဦး၏ အလောင်းကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။
သေဆုံးသူသည် အသက် (၃၈) နှစ်အရွယ် မသူဇာအောင် ဆိုသူဖြစ်ပြီး ကလေးနှစ်ဦး၏ မိခင်ဖြစ်ကာ ရန်ကုန်မှ မန္တလေးသို့ လာရောက်နေထိုင်ခြင်းဖြစ်ပြီး ယင်း၏ အခန်းအတွင်း၌ပင် သေဆုံးခဲ့ခြင်း ဖြစ်ကာ သေဆုံးသူ၏ ဆွဲကြိုး၊ လက်စွပ်၊ ဖုန်း၊ ဆိုင်ကယ် စသည့် ပစ္စည်းများ ပျောက်ဆုံးနေသည်ဟု ကနဦး သိရသည်။
ထိသို့ဖြစ်စဉ်အပေါ် မည်သူမှ သတိမပြုမိခဲ့ဘဲ ယနေ့တွင် အနံ့များ ထွက်လာမှ သိရှိခဲ့ခြင်းဖြစ်သည့်အတွက် အန္တရာယ်ကင်း၊ ပရိတ်နာ အမျှပေးဝေခြင်းများ ပြုလုပ်ခဲ့သည်ဟု သိရသည်။