ပါကစ္စတန်၏ ဒါဒူမြို့ရေမလျှံစေရန် အဓိကအဝေးပြေးလမ်းတစ်ခုအား ဖောက်ထုတ်မည်ဟုဆို

0
96

ပါကစ္စတန်၏ ဒါဒူမြို့ရေမလျှံစေရန် အဓိကအဝေးပြေးလမ်းတစ်ခုအား ဖောက်ထုတ်မည်ဟုဆို

ဒါဒူ၊စက်တင်ဘာ ၁၂

ပါကစ္စတန်တောင်ပိုင်းရှိအာဏာပိုင်များသည် ဒါဒူမြို့၌ ရေကြီးရေလျှံဖြစ်ပေါ်လာခြင်းကိုကာကွယ်ရန် နိုင်ငံ၏အဓိကသယ်ယူပို့ဆောင်ရေး ချိတ်ဆက်သည့် အင်းဒက်စ် အဝေးပြေးလမ်းမကြီးအား ဖောက်ထုတ်ဖျက်ဆီးရန်စီစဉ်နေသည်ဟု တာဝန်ရှိသူများက စက်တင်ဘာ ၁၁ ရက်၌ပြောကြားခဲ့သည်။

ပါကစ္စတန်နိုင်ငံမြောက်ပိုင်း၌ စံချိန်တင်မုတ်သုံလေနှင့် ရေခဲပြင်များအရည်ပျော်မှုများကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ပြီး လူပေါင်း ၃၃ သန်းခန့်အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည့်အပြင် လူပေါင်း ၁၃၉၁ ဦးသေဆုံးခဲ့သည်ဟုလည်းဖော်ပြထားသည်။ထိုမျှမက နေအိမ်များ၊လမ်းများ၊ရထားလမ်းများ၊တိရစ္ဆာန်များနှင့် ကောက်ပဲသီးနှံများလည်းဆုံးရှုံးခဲ့ရသည်ဟုဖော်ပြထားသည်။

ထိုဖြစ်စဉ်အတွက် ပျက်စီးဆုံးရှုံးမှုတန်ဖိုးသည် အမေရိကန်ဒေါ်လာ ဘီလီယံ ၃၀ ခန့်ရှိနိုင်ကြောင်း ပါကစ္စတန်အစိုးရကခန့်မှန်းထားပြီး အစိုးရနှင့်ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်တို့ကမူ ယခုကဲ့သို့ ရေလွှမ်းမိုးမှုနှင့် ပြင်းထန်သောရာသီဥတုများသည် သဘာဝပတ်ဝန်းကျင်ပျက်စီးမှုကြောင့် ဖြစ်ပေါ်လာသော ရာသီဥတုဖောက်ပြန်မှုများကြောင့်ဖြစ်သည်ဟုဆိုကာပြစ်တင်ဝေဖန်ခဲ့ကြသည်။

ဒါဒူဒေသတွင်း၌ အင်းဒက်စ်အဝေးပြေးလမ်းရေနစ်မြုပ်နေသည့်နေရာ အနည်းဆုံးသုံးနေရာခန့်ရှိပြီး ယာဉ်သွားလာမှုကိုလည်းရက်သတ္တပတ်ပေါင်းများစွာရပ်ဆိုင်းထားရကာ ပါကစ္စတန်၏ မြောက်နှင့်တောင်ကိုဆက်သွယ်ထားသည့် အခြားသောအဝေးပြေးလမ်းတစ်ခုသည်လည်း ရေလွှမ်းမိုးမှုဒဏ်ကိုဆိုးရွားစွာခံစားခဲ့ရသည်။

“နိုင်ငံတစ်ဝန်းရှိ အခြားရေကြီးရေလျှံသည့်နေရာများသည် ပြန်လည်ထူထောင်ရေးအခြေအနေသို့ရောက်ရှိနေပြီဖြစ်သော်လည်း ဤရေကြီးရေလျှံမှုများ၊တောင်ကျချောင်းရေများမကုန်ဆုံးမချင်း ကျွန်ုပ်တို့အနေနဲ့စိတ်မချရသေးပါဘူး” ဟု ဒါဒူခရိုင် ခရိုင်ကော်မရှင်နာ Syed Murtaza Ali Shah ကတနင်္ဂနွေနေ့ကပြောကြားခဲ့သည်။

ကပ်ဘေးမှပြန်လည်တည်ဆောက်ရေးအစီအစဉ်ကို အကောင်အထည်ဖော်ရန်အတွက် ပါကစ္စတန်၏လိုအပ်ချက်များကို အကဲဖြတ်ရန် ကုလသမဂ္ဂအေဂျင်စီများစတင်လုပ်ဆောင်နေပြီဖြစ်သည်။တောင်ပိုင်းဆစ်ဒ်ပြည်နယ်သည် လူဦးရေ ၁ ဒသမ ၅ သန်းရှိသော ဒါဒူခရိုင်၏ပျမ်းမျှမိုးရေချိန်ထက် ၄၆၆ ရာခိုင်နှုန်းပိုကြောင်းတွေ့ရှိခဲ့ရပြီး အဆိုပါအဓိပ္ပာယ်သည် ဆစ်ဒ်ပြည်နယ်မှ ရေများအားလုံးသည် ဒါဒူသို့ရောက်ရှိစီးဆင်းသည်ဟူသောအဓိပ္ပာယ်ဖြစ်သည်။

“ဒါဒူခရိုင်ရဲ့ ၉၀ ရာခိုင်နှုန်းဟာရေနစ်မြုပ်နေပါတယ်၊ဒါဒူကိုကာကွယ်ဖို့ကျွန်တော်တို့ကြိုးစားနေပါတယ်” ဟု Shah က ရိုက်တာသတင်းဌာနသို့ပြောကြားခဲ့ပြီး အစိုးရကလည်းရေနုတ်မြောင်းဆောက်ရန်လိုအပ်တဲ့ စက်ယန္တရားအားလုံးကိုထောက်ပံ့ပေးထားကြောင်း၎င်းကဆိုခဲ့သည်။ဒါဒူခရိုင်အကျဉ်းထောင်မှ အကျဉ်းသားများကိုလည်း ထောင်သည်အနိမ့်ပိုင်းတွင်ရှိနေသဖြင့် ဟိုက်ဒရာဘတ်သို့ပြောင်းရွှေ့ခဲ့ရသည်ဟုဆိုသည်။

ပါကစ္စတန်မှစ၍ ရာသီဥတုဖောက်ပြန်မှုဒဏ်ကို အဆိုးရွားဆုံးခံစားခဲ့ရသည့် နိုင်ငံများအားနိုင်ငံတကာအသိုက်အဝန်းမှ ဝိုင်းဝန်းကူညီပေးရန်လိုအပ်သည်ဟု ဂူတာရက်စ်က စနေနေ့၌သတင်းထောက်များအားပြောကြားခဲ့သည်။

Source –Reuters/ec


LEAVE A REPLY

Please enter your comment!
Please enter your name here