ရသေ့တောင်မြို့နယ်အတွင်း၌ စစ်ဘေးရှောင်ဦးရေ ၁၆၀၀ ကျော်အတွက် အကူအညီများလိုအပ်နေ

0
524

ရသေ့တောင်မြို့နယ်အတွင်း၌ စစ်ဘေးရှောင်ဦးရေ ၁၆၀၀ ကျော်အတွက် အကူအညီများလိုအပ်နေ

ရခိုင်ပြည်နယ်၊ရသေ့တောင်မြို့နယ်အတွင်း၌ သြဂုတ် ၁၃ ရက်က တိုက်ပွဲဖြစ်ပွားမှုများကြောင့် ကျေးရွာ ၃ ရွာမှ ရွာသူ၊ရွာသား ၁၆၂၂ ဦးသည် စစ်ဘေးလွတ်ကင်းရာသို့ တိမ်းရှောင်နေရသည်ဟု သိရသည်။

ရသေ့တောင်မြို့နယ်ရှိ ချိန်ခါလီ၊ကိုးတန်ကောက်၊ ကြံတိုင်းအောင်ကျေးရွာများမှ ရွာသူ၊ရွာသားများသည် စစ်ဘေးလွတ်ကင်းသည့် မယူတောင်တန်းအရှေ့ဘက်ရှိ ကျေးရွာအချို့ရှိ ဘုန်းတော်ကြီးကျောင်းများ၊မိတ်ဆွေနှင့်ဆွေမျိုးရှိသူများသည် ယင်း နေအိမ်များ၌ တိမ်းရှောင်နေထိုင်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ကျေးရွာ ၃ ရွာမှ မွေးကင်းစကလေးငယ်များ၊ကိုယ်ဝန်ဆောင်မိခင်များ၊ကလေးငယ်များအပါအဝင် အမျိုးသား ၇၄၄ ဦး၊အမျိုးသမီး ၈၇၈ ဦး(စုစုပေါင်း ၁၆၂၂ ဦး)စစ်ဘေးတိမ်းရှောင်နေရသည်ဟု သိရသည်။

ထိုသို့ တိမ်းရှောင်နေရသည့်အပြင် မိုးတွင်းကာလဖြစ်၍ အမိုးအကာအခင်းများပြုလုပ်ရန် တာလပတ်စများ၊စောင်၊ခြင်ထောင်များနှင့်အမျိုးသမီးများလည်းပါဝင်သဖြင့် အမျိုးသမီးသုံးပစ္စည်းများ အရေးပေါ်လိုအပ်လျက်ရှိသည်ဟု သိရသည်။

“နိုင်သလောက်တော့ကူညီပေးနေပါတယ် စစ်ဘေးရှောင်အရေအတွက်ကများတော့ သူတို့အတွက်နေထိုင်ရတာအခက်အခဲတွေတော့ရှိတာပေါ့ လိုအပ်ချက်တွေကတော့ အများကြီးပါပဲ”ဟု စစ်ဘေးရှောင်များအားကူညီပေးနေသူတစ်ဦးကပြောသည်။

ထို့ပြင် ကလေးငယ်များနှင့်သက်ကြီးရွယ်အိုများလည်းပါဝင်သဖြင့် ဆေးဝါးပစ္စည်းများလည်း အရေးပေါ်လိုအပ်လျက်ရှိကာ သောက်သုံးရေများလည်း လိုအပ်လျက်ရှိသည်ဟု သိရသည်။

အလားတူ တိုက်ပွဲဖြစ်ပွားမှုကြာရှည်ပါက စစ်ဘေးတိမ်းရှောင်ရမှုသည်ရက်ကြလာမည်ဖြစ်၍ အခြေခံအစားအစာ၊ဆေးဝါး၊အဝတ်အထည်များလည်း လိုအပ်လာမည်ဖြစ်ကာ လက်ရှိအချိန်၌ စစ်ဘေးရှောင်များအတွက် အစားအသောက်များအား ကျေးရွာနေသူများနှင့်အလှူရှင်များက ကူညီထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here