နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့်အစိုးရဝန်ထမ်းနှစ်ဦးကို‌ ဟောင်ကောင်အစိုးရဖမ်းဆီး

0
133

နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့်အစိုးရဝန်ထမ်းနှစ်ဦးကို‌ ဟောင်ကောင်အစိုးရဖမ်းဆီး

ဟောင်ကောင်၊ဩဂုတ် ၁၀

ဟောင်ကောင်အမျိုးသားလုံခြုံရေးရဲတပ်ဖွဲ့သည် ဩဂုတ်လ ၉ ရက်က နိုင်ငံ့ဝန်ထမ်းနှစ်ဦးကို ဖမ်းဆီးအရေးယူခဲ့သည်။

၎င်းတို့သည် ဟောင်ကောင်၏ လူတန်းစားအမျိုးမျိုးကြားတွင် “နိုင်ငံ‌တော်မကောင်းကြောင်းနှင့် ရန်ငြိုးဖွဲ့မှုကိုအားပေးသည့်အ‌ရေးအသားမျိုးကိုဖြန့်ဝေမှုအတွက် ထိုအမျိုးသားနှစ်ဦးကို ဖမ်းဆီးလိုက်သည်” ဟု တာဝန်ရှိသူများက ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ဖမ်းဆီးခံရသူများထဲမှ တစ်ဦးမှာ ပြည်ထဲရေးဌာနမှ စာရေးတစ်ဦးဖြစ်ပြီး ကျန်တစ်ဦးမှာ အစိုးရပြန်ကြားရေးအရာရှိချုပ်ရုံးမှအိုင်တီဝန်ထမ်းဖြစ်ကြောင်း South China Morning Post က ဖော်ပြခဲ့သည်။ဒေသတွင်းမီဒီယာများ၏ ဖော်ပြချက်အရ ၎င်းတို့နှစ်ဦးသည် “Civil Service Secrets” ဖေ့စ်ဘွတ် group ၏ အက်ဒမင်များလည်းဖြစ်သည်ဟုဆိုသည်။

ရဲတပ်ဖွဲ့သည် လိမ်လည်မှုသံသယဖြင့် ဆေးမှူးနှစ်ဦးကို ဖမ်းဆီးခဲ့ပြီး အဆိုပါအမှုနှင့်ပတ်သက်၍ မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းငါးဦးကိုလည်း စုံစမ်းစစ်ဆေးလျက်ရှိကြောင်း SCMPက သတင်းထုတ်ပြန်ခဲ့သည်။

လူဝင်မှုကြီးကြပ်ရေး အရာရှိနှင့်အစိုးရ အိုင်တီနည်းပညာရှင် တစ်ဦးအား လုံခြုံရေးရဲများက ပြီးခဲ့သည့်အပတ်က ဆူပူအုံကြွမှု စွဲချက်ဖြင့် ဖမ်းဆီးခဲ့ပြီးနောက် အဆိုပါ စုံစမ်းစစ်ဆေးမှုများ ဆက်တိုက်ထွက်ပေါ်လာခြင်းဖြစ်သည်။

ဟောင်ကောင်တွင် အစိုးရဝန်ထမ်းများသည် ယခင်နှစ်များက လမ်းပေါ်ထွက်ဆန္ဒပြမှုများတွင် ပါဝင်ခဲ့ပြီးနောက် ၂၀၂၀ပြည့်နှစ် အောက်တိုဘာလတွင် အစိုးရဝန်ထမ်းများအတွက် သစ္စာစောင့်သိသော ကျမ်းသစ္စာကျိန်ဆိုမှုကို စတင်လုပ်ဆောင်ခဲ့သည်။

မငြိမ်မသက်မှုများ၊အကြမ်းဖက်ဝါဒနှင့် နိုင်ငံခြားတပ်ဖွဲ့များနှင့် ပူးပေါင်းလုပ်ဆောင်မှုများအပါအဝင် ခွဲထွက်ရေးလုပ်ရပ်များအတွက် ထောင်ဒဏ် တသက်တကျွန်းအထိ ပြစ်ဒဏ် ချမှတ်ခံရနိုင်သည့် အမျိုးသားလုံခြုံရေးဥပဒေကို‌ ပေကျင်းက ၂၀၂၀ပြည့်နှစ်တွင်ပြဌာန်းခဲ့သည်။

လုံခြုံရေးရဲများသည်  ၂၀၂၀ ပြည့်နှစ်အထိ ဆယ်စုနှစ်များစွာ အသုံးမပြုခဲ့သော ကိုလိုနီခေတ်ဆူပူအုံကြွစေမှုပုဒ်မဖြင့် လူပေါင်း ၄၂ ဦးကိုဖမ်းဆီးခဲ့မှုအပါအဝင် ယခုအချိန်ထိ လူပေါင်း ၂၁၃ ဦးကိုဖမ်းဆီးထားပြီးဖြစ်သည်။

Source – Bloomberg


LEAVE A REPLY

Please enter your comment!
Please enter your name here