ယူကရိန်းသို့ရောက်ရှိလာသည့်ပထမဆုံးအာရှ​ခေါင်း​ဆောင်အင်ဒိုသမ္မတဂျိုကိုဝီ

0
175

ယူကရိန်းသို့ရောက်ရှိလာသည့်ပထမဆုံးအာရှ​ခေါင်း​ဆောင်အင်ဒိုသမ္မတဂျိုကိုဝီ

ဂျာကာတာ၊ဇွန် ၂၉
အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီသည်ဗုဒ္ဓဟူးနေ့တွင်ကိဗ်၌ ဇလန်းစကီးနှင့် တွေ့ဆုံခဲ့ပြီး ယူကရိန်းခေါင်းဆောင်နှင့် ရုရှားသမ္မတဗလာဒီမာပူတင်တို့ကြား ငြိမ်းချမ်းရေးအကျိုးဆောင်အဖြစ်ပါဝင်ဆောင်ရွက်သွားရန်ကမ်းလှမ်းခဲ့သည်။

ဂျိုကိုဝီသည်မနက်ပိုင်းတွင် ယူကရိန်းမြို့တော်သို့ရောက်ရှိခဲ့ပြီး မွန်းလွဲပိုင်းတွင် Mariinsky နန်းတော်၌ သမ္မတဇလန်းစကီးမှလက်ခံတွေ့ဆုံခဲ့သည်။အစည်းအဝေးပြီးမကြာမီပင် ပိုလန်သို့ပြန်သွားခဲ့ပြီး သမ္မတပူတင်နှင့်တွေ့ဆုံရန် စီစဉ်ထားသည့်မော်စကိုသို့ ကြာသပတေးနေ့တွင်ထွက်ခွာမည်။

“မကြာခင်သွားရောက်‌တွေ့ဆုံမည့် သမ္မတပူတင်ထံသို့ သမ္မတဇလန်းစကီးထံမှအမှာစကားယူဆောင်သွားဖို့ကမ်းလှမ်းလိုပါတယ်” ဟု ဂျိုကိုဝီမှဇလန်းစကီးနှင့်သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့ကြောင်း အင်ဒိုနီးရှားသမ္မတရုံးမှသိရသည်။

သမ္မတဂျိုကိုဝီသည် ရုရှား-ယူကရိန်းပဋိပက္ခအတွက် ငြိမ်းချမ်းစွာဖြေရှင်းရေး နှင့် ကမ္ဘာ့စားနပ်ရိက္ခာထောက်ပံ့ရေးတွင် ယူကရိန်း၏အရေးကြီးသောအခန်းကဏ္ဍကို လည်းပြောကြားခဲ့သည်။

ပင်လယ်ဆိပ်ကမ်းများ အပါအဝင်ယူကရိန်းရိက္ခာများ ချောမွေ့စွာတင်ပို့နိုင်မှု အတွက် လုံခြုံရေးအာမခံချက်ပေးနိုင်ရန်အရေးကြီးသဖြင့် ကုလသမဂ္ဂ၏ကြိုးပမ်းမှုများကိုထောက်ခံကြောင်းလည်းပြောကြားခဲ့သည်။ကုလသမဂ္ဂသည် ယူကရိန်းဂျုံတင်ပို့မှုအတွက် ပင်လယ်နက်အတွင်းဖြတ်သန်းခွင့်ရရန် ယူကရိန်း၊ ရုရှားအပါအဝင် တူရကီနှင့်ပါဆွေးနွေးနေသည်။

G 20 ဆွေးနွေးပွဲကိုလည်း လက်ခံကျင်းပမည့် အင်ဒိုသမ္မတက ယူကရိန်းသမ္မတအား တက်ရောက်ရန် ထပ်မံဖိတ်ကြားခဲ့သည်။ ယခုဒုတိယအကြိမ်မြောက် ထပ်မံဖိတ်ကြားမှုတွင် ယူကရိန်းသမ္မတက ဖိတ်ကြားမှုကိုလက်ခံသော်လည်း တိုင်းပြည်၏အခြေနေပေါ်မူတည်၍ ဆုံးဖြတ်ရမည်ဖြစ်သည်ဟု ဆိုခဲ့သည်။

အင်ဒိုနီးရှားသည် ယူကရိန်းနှင့် နှစ်နိုင်ငံ ဆက်ဆံရေးခိုင်မာစေရန် ကတိပြုကြောင်းဂျိုကိုဝီမှပြောကြားခဲ့ပြီး ရုရှားတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော ကိဗ်တစ်ဝိုက်ရှိဆေးရုံများကို ပြန်လည်တည်ဆောက်ပေးမည်ဖြစ်ကြောင်း နှင့်ဆေးဝါးအထောက်အပံ့များ ပေးအပ်မည်ဖြစ်​ကြောင်း ဂျိုကိုဝီကပြောကြားခဲ့သည်။

Ref: Nikkei Asia


LEAVE A REPLY

Please enter your comment!
Please enter your name here