မန်းရွှေစက်တော်ဘုရား၏ ဗုဒ္ဓပူဇနိယပွဲတော်အား ဖေဖော်ဝါရီ ပထမအပတ်အတွင်းကျင်းပမည်

0
114

မန်းရွှေစက်တော်ဘုရား၏ ဗုဒ္ဓပူဇနိယပွဲတော်အား ဖေဖော်ဝါရီ ပထမအပတ်အတွင်းကျင်းပမည်

မကွေးတိုင်း၊မင်းဘူးခရိုင်၊မင်းဘူး(စကု)မြို့ရှိ မန်းရွှေစက်တော်ဘုရားကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်အား ဖေဖော်ဝါရီ ၅ ရက်နေ့မှစတင်၍ ကိုဗစ်(၁၉) ရောဂါစည်းကမ်းချက်များနှင့်အညီ ကျင်းပသွားမည်ဖြစ်သည်။

“ဗုဒ္ဓပူဇနိယပွဲတော်ကို အစဥ်အလာမပျက်ကျင်းပနိုင်ဖို့အတွက် တိုင်းအစိုးရအဖွဲ့ရုံးကိုတင်ပြထားပါတယ် ပွဲတော်ကျင်းပနိုင်ဖို့အတွက်လည်း ဇန်နဝါရီ ၁၂ ရက်မနက်ပိုင်းမှာ တည်းခိုဆောင်နဲ့ဆိုင်ခန်းတွေဆောက်ဖို့နေရာတွေကို တာဝန်ရှိတဲ့သူတွေက အသေးစိတ်သွားကြည့်ခဲ့ပါတယ်”ဟု မင်းဘူးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ထိုသို့ ကျင်းပရာတွင် ဘုရားဖူးနှင့်ပွဲတော်လာရောက်သူများ နေထိုင်ရေးအဆင်ပြေစေရန် တည်းခိုဆောင် ၁၀၀ နှင့်ဈေးဆိုင်ခန်း ၁၀၀ တိုအားဆောက်လုပ်ပေးသွားမည်ဖြစ်သည်။

ပွဲတော်ကျင်းပနေစဥ်အတွင်း မန်းချောင်းရေအား လမ်းကြောင်းလွှထားရန် လမ်းကြောင်းလွှဲခြင်းလုပ်ငန်းနှင့်ပြုပြင်ခြင်းလုပ်ငန်းများအား စတင်ဆောင်ရွက်နေပြီဖြစ်သည်။

“မန်းရွှေစက်တော်ဘုရား ဩဝါဒဆရာတော်ကြီးတွေနဲ့ တာဝန်ရှိသူတွေက အထက်စက်တော်ရာ ခြေတော်ရာသံတံခါးနဲ့အောက်ခြေတော်ရာ ဖန်အုပ်စောင်းကြီးကိုဖွင့်လှစ်ပြီး ဘုရားပွဲတော် ကျင်းပပြုလုပ်သွားဖို့ စီစဉ်နေပါတယ်”ဟုမင်းဘူးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူကဆက်ပြောသည်။

ကျန်းမာရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် ကိုဗစ်(၁၉)ရောဂါစည်းကမ်းချက်များနှင့်အညီ ကျင်းပသွားမည်ဖြစ်ကာ ဘုရားဖူးလာသူများအ နေဖြင့် ကိုဗစ်(၁၉)ရောဂါကာကွယ်ဆေးထိုးပြီးကြောင်း အထောက်အထားပါသူများကိုသာ ဝင်ရောက်ဖူးမြှော်ခွင့်ပြုသွားမည်ဖြစ်သည်။

“ဘုရားဖူးလာမယ်ဆိုရင်တော့ ကိုဗစ်ကာကွယ်ဆေးထိုးနှံထားတဲ့ အထောက်အထားပါမှသာ ဖူးမြော်ခွင့် ပြုမှာဖြစ်ပါတယ်။ ” ဟု မန်းရွှေစက်တော် ဘုရားဂေါပကအဖွဲ အတွင်းရေးမှူး ဦးခင်မောင်စိုးက ပြောသည်။

မန်းရွှေစက်တော်ဘုရား ဗုဒ္ဓပူဇနိယပွဲတော်ကြီးသည် ရက်ပေါင်း(၈၀) ကြာ ကျင်းပသည့် ဘုရားပွဲတော်ကြီးဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here