NLD ထိပ်တန်းခေါင်းဆောင်များနဲ့ တွေ့ဆုံခဲ့ဟု မစ္စတာဆာဆာကာဝါဆို

NLD ထိပ်တန်းခေါင်းဆောင်များနဲ့ တွေ့ဆုံခဲ့ဟု မစ္စတာဆာဆာကာဝါဆို
November 18, 2021 Popular
NLD ထိပ်တန်းခေါင်းဆောင်များနဲ့ တွေ့ဆုံခဲ့ဟု မစ္စတာဆာဆာကာဝါဆို
မြန်မာနိုင်ငံကို နိုဝင်ဘာ(၁၃)ရက်က ရောက်ရှိနေတဲ့ မြန်မာနိုင်ငံအမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုင်ရာဂျပန်အစိုးရရဲ့အထူးကိုယ်စားလှယ်လည်းဖြစ် နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌလည်းဖြစ်တဲ့ မစ္စတာဆာဆာကာဝါဟာ နစက ဥက္ကဋ္ဌအပါအဝင် နစကပြည်ထဲရေး၊ နယ်စပ်ရေး၊ ကျန်းမာရေးစတဲ့ ဝန်ကြီးဌာန တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့တဲ့အပြင် အင်အားကြီး တိုင်းရင်းသားပါတီ တွေဖြစ်ကြတဲ့ ရှမ်းနဲ့ရခိုင်ပါတီစတဲ့ နိုင်ငံရေးပါတီ(၆)ခုထက်မနည်း တွေ့ဆုံခဲ့တဲ့ထဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ထိပ်တန်းခေါင်းဆောင်နဲ့လည်း တွေ့ဆုံခဲ့ တယ်လို့ မစ္စတာဆာဆာကာဝါက ဒီကနေ့မှာပြောပါတယ်။
နိုင်ငံရေးပါတီတွေနဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့တဲ့အကြောင်းအရာကို မစ္စတာဆာဆာကာဝါ က ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိတဲ့အပြင် ၎င်းနဲ့တွေ့ဆုံခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ထိပ်တန်းခေါင်းဆောင်ရဲ့အမည်ကိုလည်း ထုတ်ဖော်ပြောကြားခဲ့တာမျိုး မပြုလုပ်ခဲ့ပါဘူး။
‘’ရလာဒ်အဖြေထွက်ပြီးသားကိစ္စကို ရှင်းပြ၊ ပြောပြပေးလေ့ရှိပါတယ်။ ဒါပေမယ့် ပြုလုပ်နေဆဲအချိန်ကာလမှာ ကျွန်တော်တို့ဘာတွေပြောခဲ့သလဲဆိုတဲ့ အကြောင်းအရာနဲ့ပတ်သက်ပြီး ကျွန်တော်ပြောလေ့ပြောထမရှိပါဘူး။ ရေငုံနှုတ်ပိတ်နေတဲ့သံတမန်ဆက်ဆံရေးကို ပြုလုပ်တာက ကျွန်တော့်ရဲ့ အခြေခံ သံတမန်ဆက်ဆံရေး မူဝါဒပဲ ဖြစ်ပါတယ်။ ကျွန်တော်နဲ့ တွေ့ခဲ့တဲ့ အမျိးသားဒီမိုကရေစီထိပ်ပိုင်းခေါင်းဆောင်ရဲ့အမည်ကို ကျွန်တော်မပြောပါဘူး’’ လို မစ္စတာဆာဆာကာဝါ က ပြောပါတယ်။
ပြင်ပမှာတော့ သမ္မတဟောင်းဦးထင်ကျော်ရဲ့ ဇနီးဖြစ်တဲ့ ဒေါ်စုစုလွင်နဲ့ တွေ့ဆုံခဲ့တဲ့သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေပါတယ်။ မစ္စတာဆာဆာကာဝါဟာ ရခိုင်အမျိုးသားပါတီ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ၊ ပြည်သူ့ပါတီ၊ ဖက်ဒရယ်ပြည်ထောင်စုပါတီ၊ တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီစတဲ့ ပါတီတွေနဲ့ တွေ့ဆုံခဲ့တဲ့အပြင် ငြိမ်းချမ်းရေးအကျိုးဆောင်တစ်ဦးဖြစ်တဲ့ ဝန်ကြီးဟောင်း ဦးအောင်မင်း ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာပါဝင်ခဲ့သူအချို့နဲ့ နစကကောင်စီအကြံပေးတစ်ဦးဖြစ်တဲ့ ဒေါက်တာရင်ရင်နွယ်တို့နဲ့ပါ တွေ့ဆုံခဲ့တယ်လို့ မစ္စတာဆာဆာကာဝါ ကပြောပါတယ်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*