ပုဂံဒေသတွင် သီးနှံအမယ်သစ်များစိုက်ပျိုးမည်ဆိုပါက မြေပေါ်မြေအောက် အမွေအနှစ်များနှင့် သဘာဝရှုခင်းများ ထိခိုက်မှုမရှိစေရန် သီးနှံများရွေးချယ်စိုက်ပျိုးနိုင်ရေး ဆောင်ရွက်နေ

0
171

ပုဂံဒေသတွင် သီးနှံအမယ်သစ်များစိုက်ပျိုးမည်ဆိုပါက မြေပေါ်မြေအောက် အမွေအနှစ်များနှင့် သဘာဝရှုခင်းများ ထိခိုက်မှုမရှိစေရန် သီးနှံများရွေးချယ်စိုက်ပျိုးနိုင်ရေး ဆောင်ရွက်နေ

နေပြည်တော် အောက်တိုဘာ ၈

ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ပုဂံ ယဉ်ကျေးမှု ဒေသတွင် သီးနှံအမယ်သစ်များ စိုက်ပျိုးမည် ဆိုပါက မြေပေါ်မြေအောက် အမွေအနှစ်များ နှင့် သဘာဝ ပသာဒရှုခင်းများကို ထိခိုက်မှု မရှိစေရန် သီးနှံများရွေးချယ်စိုက်ပျိုးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာနမှ သိရသည်။

ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ပုဂံ ယဉ်ကျေးမှု ဒေသတွင် ဆက်လက် ဆောင်ရွက်ရန် ကမ္ဘာ့ အမွေအနှစ် ကော်မတီ (World Heritage Committee-WHC) ၏ အကြံပြုချက် အရ ပုဂံဒေသ လယ်ယာစိုက်ပျိုးမှု မဟာဗျူဟာတစ်ရပ် ရေးဆွဲခြင်း ကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန က တာဝန်ယူ ဆောင်ရွက် လျက်ရှိကြောင်း၊ လက်ရှိ ပုဂံဒေသရှိ မြေယာရှုခင်းများကို အတတ်နိုင်ဆုံး ထိန်းသိမ်းဆောင်ရွက်ရမည် ဖြစ်ကာ အစက်ချ ရေသွင်း စနစ်မျိုးကို ရွေးချယ် အသုံးပြုခြင်း အပါအဝင် မြေပေါ် မြေအောက် ရှေးဟောင်း အမွေအနှစ်များ မထိခိုက်စေသည့် ဆောင်ရွက်မှုများဖြစ်စေရန် လိုအပ်ကြောင်း၊ သီးနှံများ စိုက်ပျိုးရာတွင်လည်း ရိုးရာအစဉ်အလာ စိုက်ပျိုးသည့် ရာသီသီးနှံပင်များကို ပိုမိုစိုက်ပျိုး နိုင်စေရန် အားပေး ဆောင်ရွက် သွားမည်ဖြစ်ပြီး သီးနှံအမယ်သစ်များ စိုက်ပျိုးမည် ဆိုပါကလည်း မြေပေါ်မြေအောက် အမွေအနှစ်များ နှင့် သဘာဝ ပသာဒရှုခင်းများကို ထိခိုက်မှု မရှိစေရန် သီးနှံများရွေးချယ်စိုက်ပျိုးနိုင်ရေး စီစဉ်ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

“ပုဂံဒေသမှာ ထွန်ယက်ရာ တွင် လည်း စက်ကိရိယာတွေနဲ့ စက်သွားတွေရဲ့ တုန်ခါမှုတွေကြောင့် မြေအောက်မှာရှိတဲ့ ရှေးဟောင်း အမွေအနှစ်တွေ ထိခိုက်မှုမရှိစေဖို့ ရိုးရာအစဉ် အလာအတိုင်း နွားတွေနဲ့ပဲ ထွန်ယက်စိုက်ပျိုးဖို့လဲ လိုအပ်ပါတယ်။ သစ်ပင်အကြီးတွေနဲ့ အပင်ငယ်တွေစိုက်ပျိုးလိုတယ်ဆိုရင် အရင်ကရှိခဲ့တဲ့ သစ်ပင် ခြုံနွယ်တွေ နေရာမှာ အစားထိုးစိုက်ပျိုးနိုင်မှာဖြစ်ပြီး ယာမြေ နယ်နိမိတ်သတ်မှတ်ခြင်း အတွက် ထန်းပင် စိုက်ပျိုးဖို့သာ ခွင့်ပြုပေးထားတာပါ။” ဟု စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထို့ပြင် အခြားသစ်ပင်များ စိုက်ပျိုးခြင်းအတွက် နိုင်ငံခြားမျိုးများ စီးပွားဖြစ် စိုက်ပျိုးခြင်းကို ခွင့်ပြုထားခြင်းမရှိကြောင်း နှင့် အထွေထွေ စိမ်းလန်းစိုပြေရေးစီမံကိန်းများ ဆောင်ရွက်ရန် ရှိပါကမြေပေါ်မြေအောက် အမွေအနှစ်များ ထိခိုက်မှု မရှိစေရန် ထိန်းသိမ်းဆောင်ရွက်ရန် လိုအပ်ကြောင်း၊ စိုက်ပျိုးမြေယာရှုခင်းထိန်းသိမ်းခြင်း ၊ ရိုးရာအစဉ်အလာ ရာသီသီးနှံများ ပိုမို စိုက်ပျိုးနိုင် စေရေး၊ ဆည်မြောင်း နှင့် ရေစီမံခန့်ခွဲမှု၊ ထွန်ယက်ခြင်းနှင့် မြေတူး ဆွခြင်း ၊ သစ်ပင်အကြီးများနှင့် အပင် ငယ်များ စိုက်ပျိုးခြင်းဆိုင်ရာတို့ ပါဝင်သည့် ဆောင်ရွက်ရန် အချက် (၅) ချက်ကို “ပုဂံဒေသ ဘက်စုံလွှမ်းခြုံသော စီမံ ခန့်ခွဲ ရေး မူဘောင်” နှင့်အညီ ပုဂံဒေသ စိုက်ပျိုး ရေး မဟာ ဗျူဟာ ရေးဆွဲရေး လုပ်ငန်းစဉ်များတွင် ထည့်သွင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here