ဖြစ်ရိုးဖြစ်စဉ်တွေ
အပ်ကြောင်းထပ်လာတော့
ဘဝဟာအမှိုက်ပုံးနဲ့မခြား
သဘာဝတရားက
သမီးကိုလက်ဆောင်မပေးခဲ့ရင်
အခါးထဲမှာအချိုရှိမှန်းသိခဲ့မှာမဟုတ်။
ဒီသိုက်မြုံကို
သမီးရောက်လာပြီးနောက်
လျှာနဲ့သွားငြိသံမှာ
သမီးချော့တေးဝင်လာတယ်
မပြေလည်မှုတွေဟာ
ကြက်ပျောက်ငှက်ပျောက်
မဟုတ်တောင်
စနေမှာမလာအားလောက်တော့
ဖြစ်သွားခဲ့။
အပြစ်ကင်းစင်တဲ့
သမီးမျက်နှာကိုငေးရင်း
ဖခင်ကောင်းဖြစ်ထိုက်တဲ့
အရည်ချင်းရှိပြီလားလို့
ဆန်းစစ်မိတာလည်းအခါခါ
ဂုဏ်ယူစရာဆိုလို့
လိပ်ပြာလုံအောင်ရက်ထားတဲ့
အဖေ့အရိပ်ကလွဲ အခြားမရှိ
အကောင်းဆုံးကို
ပိုင်ဆိုင်စေချင်လည်း
မွဲတည်မှုတံဆိပ်ကို
အပြီးတိုင်ခွာနိုင်စွမ်းမရှိတဲ့
ခပ်ညံ့ညံ့အဖေတစ်ယောက်ပါ။
ကိုယ့်အိုးကိုယ့်အိမ်မရှိလို့
လွတ်လပ်စွာကြီးပြင်းခွင့်မရတဲ့
သမီးလေးအဖြစ်ကိုတွေးမိတော့
သက်ပြင်းထဲရင်အစုံနစ်တယ်။
ထင်သလောက်ရွာသွန်းနှုန်း
မပြည့်ခဲ့ရင်တောင်
သမီးကျောင်းနေအရွယ်မှာ
ကျောင်းဆင်းလာတဲ့
သမီးလေးကိုချီပိုးလို့
လွတ်လပ်ပေါ့ပါးတဲ့ခြေလှမ်းတွေနဲ့
အဖေတို့ပိုင်ဆိုင်တဲ့အိမ်ကလေးဆီ
လှမ်းလျှောက်ခွင့်ရနိုင်ကောင်းပါရဲ့။
ခိုင်ဇေ
