ထွန်းအိန္ဒြာဗိုအတွက် စတုတ္ထမြောက်အကယ်ဒမီဆုကို ရင်ခုန်ရဦးမယ့် ရုပ်ရှင်ဇာတ်ကား

0
312

မကြာမီ ရုံတင်ပြသတော့မယ့် နောင်တွင်ဥဒါန်းတွင်စေသတည်း ရုပ်ရှင်ဇာတ်ကားမှာ ထွန်းအိန္ဒြာဗိုက မျိုးရိုးဂုဏ်၊ ချမ်းသာကြွယ်ဝမှုဂုဏ်တွေကြောင့် အလွန်မောက်မာပြီး မာနတအားကြီးတဲ့ အမျိုးသမီးတစ်ယောက်အနေနဲ့ သရုပ်ဆောင်ထားသူပါ။ ဒီဇာတ်ကားမှာ ထွန်းအိန္ဒြာဗိုက အဓိကဇာတ်ဆောင်အနေနဲ့ ပါဝင်သရုပ်ဆောင်ထားပြီး ဒရမ်မာသရုပ်ဆောင်မှုတွေကို ပိုင်နိုင်တဲ့ သူဖြစ်တာကြောင့် ထွန်းအိန္ဒြာဗိုရဲ့ ပရိသတ်တွေလဲ ကျေနပ်အားရစေမယ့် ဇာတ်ကားတစ်ကားလို့ ဆိုရမှာပါ။ ဒီလိုဇာတ်ကားမျိုးရိုက်ကူးခွင့်ရတဲ့အတွက် ဒါရိုက်တာကို ကျေးဇူးတင်မိတယ်လို့ ဆိုတဲ့ ထွန်းအိန္ဒြာဗိုက…

“ဒီလိုဇာတ်လမ်းမျိုး ရိုက်ခွင့်ရတာ ဆရာ့ကိုလဲ ကျေးဇူးတင်တယ်။ ၀မ်းလဲ ၀မ်းသာပါတယ်။ သူ့ရဲ့ဇာတ်ကျောရိုးကိုက ဒီလိုအသက်အရွယ် အမျိုးသမီးတစ်ယောက်ရဲ့ ဇာတ်ပေါ့။ ကျွန်မအသက်အရွယ်နဲ့လိုက်သွားတာ ဆိုတော့ အဓိကသွားရတဲ့ ဇာတ်ကောင်နေရာမှာ ရိုက်ခွင့်ရတဲ့ ဇာတ်ပါ။ မုဒ်ကတော့ ဒါရိုက်တာရဲ့ညွှန်ကြားမှုတွေလဲ ပါတယ်။ ဇာတ်ညွှန်းက ဒိုင်ယာလော့ခ်တွေကလည်း အများကြီးပံ့ပိုးပါတယ်။” လို့ပြောပါတယ်။ ဒီဇာတ်ကားမှာ ဒါရိုက်တာဂိုက်လိုင်းပေးတဲ့အတိုင်း ၀တ်စားပြင်ဆင်မှုတွေ၊ မျက်နှာပေးအမူအရာတွေကို သရုပ်ဆောင်ခဲ့တာဖြစ်ပြီး အခက်အခဲရယ်လို့ သိပ်မရှိခဲ့ဘူးလို့ ထွန်းအိန္ဒြာဗိုက ပြောပါတယ်။ ဒီဇာတ်ကားမှာ အကောင်းဆုံးကြိုးစားသရုပ်ဆောင်ခဲ့တဲ့ ထွန်းအိန္ဒြာဗိုက သူအားမရခဲ့တဲ့ ဇာတ်ဝင်ခန်းနဲ့ ပတ်သက်ပြီးလဲ….“ကိုယ့်သရုပ်ဆောင်မှုကို ကိုယ်ကျေနပ်တယ်လို့တော့မဟုတ်ဘူးပေါ့။ ဇာတ်က ခိုင်းသမျှကို အတတ်နိုင်ဆုံးကြိုးစားသရုပ်ဆောင်ခဲ့တယ်။ နောက်ဆုံးဇာတ်သိမ်းခန်းကျတော့ ပုဂံမှာသွားရိုက်တာပေါ့။ ပုဂံမှာကျတော့ အောက်ဒိုးဖြစ်နေတယ်။ ဘုရားထဲမှာ ရိုက်တာ။ ရိုက်ရတဲ့အခန်းကျတော့လဲ ကိုယ်နောင်တပြန်ရတဲ့အခန်းမျိုး၊ နည်းနည်းအရေးကြီးတဲ့အခန်းပေါ့။ အောက်ဒိုးဆိုတော့ indoor လောက်သိပ်အေးအေးဆေးဆေးမဖြစ်ဘူး။ အဲဒါလေးအတွက်တော့ ကိုယ့်ကိုယ်ကိုယ် ဒီ့ထက်ကောင်းအောင် လုပ်နိုင်မယ်လို့ မျှော်လင့်မိတယ်။ ဒီ့ထက်ပိုလုပ်ချင်ပါတယ်။” လို့ပြောပါတယ်။ ထွန်းအိန္ဒြာဗိုကို ဒီရုပ်ရှင်ဇာတ်ကားနဲ့ စတုတ္ထမြောက် အကယ်ဒမီဆုကို ပိုင်ဆိုင်ခွင့်ရနိုင်မယ်လို့လဲ ပရိသတ်တွေက မျှော်လင့်ထားကြပါတယ်။ အကယ်ဒမီရင်ခုန်သံနဲ့ပတ်သက်ပြီး ထွန်းအိန္ဒြာဗိုက….“ဒီနှစ်လဲ ကြတ်ကျပြန်ပြီထင်တယ်။ ၀မ်းသာပါတယ်။ ပရိသတ်က အဲဒီလောက်မျှော်လင့်တာနဲ့တင် ကျွန်မ ကျေနပ်ပါတယ်။ ရတယ်ဆိုရင်တော့ အတိုင်းအထက်အလွန်ပေါ့။ အမြဲတမ်းလည်း သတင်းထွက်ပြီး မရခဲ့တဲ့နှစ်တွေလဲ ကြုံဖူးတယ်။ အနီးကပ်ဆုံးဆို ပြီးခဲ့တဲ့ နှစ်ကလည်း ဒီအတိုင်းပဲ ဆိုတော့ ဘာမှမမမျှော်လင့်ထားပါဘူး” လို့ပြောပါတယ်။

ခိုင်ဝေလွင်၊ ဓာတ်ပုံ- မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here