
ဦးညာဏ်လှိုင် (ခ) စာရေးဆရာ ရန်ငြိမ်းသူက သူနဲ့အတူ မိတ်ဆွေ သူငယ်ချင်းများ ရဲ့ ပါဝင်လှူဒါန်းမှုများနဲ့ သက်ကြီးလူရွှင်တော် ၁ဝ ဦး၊ သက်ကြီးလူကြမ်းရုပ်ရှင် သရုပ် ဆောင်ကြီး ၁ဝ ဦးတို့ရဲ့ ကျန်းမာရေးအတွက် လူသားချင်းစာနာသောအားဖြင့် ထောက်ပံ့ ပေးလှူပွဲကို ဧပြီ လ ၁ဝ ရက်နေ့က ရန်ကုန်မြို့ M 3 Food Center မှာ ပြုလုပ်ခဲ့ပါ တယ်။ ဒီပွဲမှာတော့ အသက် ၇ဝ နဲ့ အထက် သက်ကြီးလူရွှင်တော်ကြီးများနဲ့ သက်ကြီး လူကြမ်းရုပ်ရှင်သရုပ်ဆောင်ကြီးများကို တက်ရောက်လာကြတဲ့ လူရွှင်တော်များနဲ့ လူကြမ်းသရုပ်ဆောင်များက ပူဇော်ကန်တော့ခဲ့ကြသလို ထောက်ပံ့ငွေများလည်း ပေး အပ်လှူဒါန်းခဲ့ကြပါတယ်။
”ဒီနေ့ပွဲလေးကတော့ အင်မတန်ကို ပီတိဖြစ်ရပါတယ်။ ကျွန်တော်တို့ လူရွှင်တော် တွေ အနုပညာသမားတွေဆိုတာက ဘဝမှာ အာမခံချက်မရှိတဲ့အလုပ်ကို လုပ်နေရတဲ့ အတွက် နေညိုချိန်ကိုရောက်လာတဲ့အခါမှာ ကျွန်တော်တို့အတွက် အာမခံချက်မရှိပါ ဘူး။ ဒါကို သိပေမယ့်လည်း ကျွန်တော်တို့အနေနဲ့ ဒီအလုပ်ကိုလည်း မစွန့်လွှတ် နိုင်ကြပါဘူး။ ကျွန်တော်တို့လည်း တစ်နေ့နေ့မှာ ဒီလမ်းစဉ်ကို လိုက်ရမှာဖြစ်ပါတယ်။ လူတိုင်းမကင်းနိုင်တဲ့ အိုခြင်း၊ နာခြင်းတွေမှာ ကျွန်တော်တို့ရဲ့ အဖေဆရာလူရွှင်တော်တွေ၊ လူကြမ်း မင်းသားကြီး တွေရဲ့ ဇရာဘဝတွေကို ကြည့်ရင်းနဲ့ ဒီနေ့လိုမျိုး အလှူပွဲလေးတွေလုပ် ရင်းကနေ ပျော်ရွှင်မှုတွေ ကြည်နူးမှုတွေ ရရှိသွားတာကိုကြည့်ရင်း တအားပီတိဖြစ်ပါတယ်” လို့ ပွဲကို တက်ရောက်လာတဲ့ လူရွှင်တော် ဦးချစ်ချောက ပြောပါတယ်။ အဆိုပါပွဲမှာတော့ ကိုလူချောအဖွဲ့ရဲ့ ဥက္ကဋ္ဌတစ်ဦးဖြစ်တဲ့ ဦးအောင်ခိုင်ကလည်း သက်ကြီးလူကြမ်း ရုပ်ရှင် သရုပ်ဆောင်ကြီးများရဲ့ အခက်အခဲတွေနဲ့ စားဝတ်နေရေးအတွက် ရုန်းကန်နေရမှုတွေအကြောင်းကို ပြောပြခဲ့ပါတယ်။ ဒီလိုအလှူပွဲလေး ကိုတော့ နှစ်စဉ်နှစ်တိုင်း ပြုလုပ်နိုင်အောင် စီစဉ်သွားမယ်လို့လည်း စာရေးဆရာရန်ငြိမ်းသူက ပြောခဲ့ပါတယ်။
လင်းအက္ခရာ
ဓာတ်ပုံ- အောင်ဇော်မင်း


