သဘင် သီချင်းရွေးချယ်ပွဲ နဲ့သဘင်သက်ကြီး ပူဇော်ပွဲကို ဖေဖေါ်ဝါရီ ၂၂ ရက်နေ့ ကျင်းပမည်

0
155

သဘင်သီချင်း ပြိုင်ပွဲနဲ့ သဘင်သက်ကြီး ပူဇော်ပွဲကို ဖေဖေါ်ဝါရီ ၂၂ ရက်နေ့ ရန်ကုန်မြို့၊ အမျိုးသားဇာတ်ရုံမှာ ကျင်းပမှာ ဖြစ်ပါတယ်။ သဘင် သီချင်း ပြိုင်ပွဲ အတွက် အနယ် နယ်အရပ်ရပ်မှ ပညာရှင်များနဲ့ ဝါသနာရှင်များ ပေးပို့လာတဲ့ သီချင်း(၁၈)ပုဒ်ထဲ ကမှ နောက်ဆုံး ဖိုင်နယ် အတွက် ဆန်ခါတင်(၅)ပုဒ်ရွေးချယ်ခဲ့ပါတယ်။

ဖိုင်နယ် အတွက် အရွေးချယ်ခံ ထားရတဲ့ သီချင်း(၅)ပုဒ်လုံးကို ကြွရောက် လာကြတဲ့ သဘင် ပညာရှင်များရဲ့ ရှေ့မှောက်မှာ သီဆို တီး ခတ် ယှဉ်ပြိုင်ရ မှာဖြစ်ပြီး အဆိုပါတေး သီချင်း(၅)ပုဒ်ထဲက (၁)ပုဒ်ကို သဘင် သီချင်း အဖြစ် အကဲဖြတ်အဖွဲ့က ရွေးချယ် သွားမှာဖြစ်ပါ တယ်။

“ဒိုင်လူကြီးတွေ ကတော့ စိတ်ထဲမှာသူတို့ ဘယ်သီချင်းကို ကြိုက်နေ ပြီဆိုတာ တော့ပြောပါတယ်။ ဘာကြောင့်လဲ ဆိုတော့ သီချင်း အကုန်လုံး နားထောင်ပြီးပြီလေ။ အဲဒီနေ့မှာပဲ တစ်ခါတည်း ရွေးချယ်မယ်။ တစ်ခါတည်း ဆု ချီးမြှင့်မယ်။မရွေးချယ်ဖြစ်တဲ့ သီချင်းတွေ ကိုလည်း နှစ်သိမ့်ဆု အနေနဲ့တော့ ပေးဖြစ်မယ်။ ၁ဝပုဒ် ကိုလည်း ဥက္ကဋ္ဌက စီးရီးထုတ်ပေးမယ် ဆိုတော့ သူလုပ် ပေးမှာပါ” လို့ သဘင် အစည်း အရုံး(ဗဟို) ပြန်ကြားရေးမှူး ဒေါ်ပတ္တမြားကေခိုင် ကပြောပါတယ်။ သဘင် သီချင်းပြိုင်ပွဲ ကျင်းပတဲ့နေ့မှာပဲ မြန်မာနိုင်ငံ တစ်နိုင်ငံ လုံး မှာရှိတဲ့ သဘင်သက်ကြီး ပူဇော်ပွဲကို ပြုလုပ်သွားမှာဖြစ်ပါတယ်။ အခု လက်ရှိ အချိန်အထိတော့ မြန်မာနိုင်ငံ သဘင်ပညာရှင်များ အစည်း အရုံး(ဗဟို) ကို စာရင်းပေးပို့ထားတဲ့ သက်ကြီး စာရင်းအရ သက်ကြီး ဦးရေ ၅ဝဝ ကျော် အထိရှိကြောင်း သိရပါတယ်။

သက်ကြီး ပူဇော်ပွဲကို တက်ရောက်ကြမယ့် မြန်မာနိုင်ငံ အနှံ့မှ သက်ကြီး သဘင်ပညာရှင် များအတွက် ခရီးစရိတ်နဲ့ နေထိုင် စရိတ်တွေ ကိုတော့ သက် ဆိုင်ရာ တိုင်းဒေသကြီးနဲ့ ပြည်နယ် သဘင် အစည်းအရုံးများ နဲ့ အတူ သဘင် ပညာရှင်များ အစည်းအရုံး(ဗဟို)တို့မှ ကုန်ကျစရိတ် မျှခံသွားမှာဖြစ် တယ် လို့လည်း ဒေါ်ပတ္တမြားကေခိုင်က ပြောပါတယ်။ သက်ကြီး ပူဇော်ပွဲကို မရောက်လာနိုင်တဲ့ သက်ကြီး ဘိုးဘွားတွေ ကိုလည်း ကန်တော့ ငွေပေးပို့ သွားမှာဖြစ်ကြောင်း သိရပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here