အရင်ခေတ်နဲ့ အခုခေတ် မတူကွဲပြားသွားတဲ့ အကယ်ဒမီဆုပေးပွဲအကြောင်း အကယ်ဒမီများရှင် ဒေါ်ခင်သန်းနု ပြောပြ

0
246

khinthannu

အခုအပတ်မှာတော့ ပေါ်ပြူလာပရိသတ်များအတွက် သုံးထပ်ကွမ်း အကယ်ဒမီဆုရှင် ခင်သန်းနုနဲ့ သူမရရှိခဲ့တဲ့ အကယ်ဒမီ ဆုတွေနဲ့ မကြာမီကျင်းပတော့မယ့် အကယ် ဒမီ ဆုပေးပွဲ အကြောင်းတွေ ကို တွေ့ဆုံမေးမြန်းခဲ့ပါတယ်။ ခင်သန်းနုဟာဆိုရင် ၁၉၆၇ခုနှစ်က ဒါရိုက်တာ အေဝမ်းဦးတင်မောင် ရိုက်ကူးတဲ့ “ကိုယ်ရယ်၊ တိုးရယ်၊ စိုးစိုးရယ်” ဇာတ်ကားနဲ့ ပထမဆုံးအကြိမ် အမျိုးသမီး ဇာတ်ဆောင်ဆု၊ ၁၉၉ဝ ခုနှစ်မှာ ဒါရိုက်တာ မောင်ဝဏ္ဏရိုက်ကူးတဲ့ “ခုနစ်စဉ် အလွမ်း” ဇာတ်ကားနဲ့ ဒုတိယအကြိမ် အမျိုး သမီးဇာတ်ဆောင်ဆု၊ ၂ဝဝဝ ခုနှစ်မှာ ဒါရိုက်တာ ခင်မောင်ဦး၊ စိုးသိမ်းထွဋ် ရိုက်ကူးတဲ့ “သမီးရှင်” ဇာတ်ကားနဲ့ တတိယအကြိမ် အမျိုးသမီး ဇာတ်ပို့ဆုတို့ကို ရရှိခဲ့ သူပဲဖြစ်ပါတယ်။ သူမတို့နှစ်တွေ တုန်းက ကျင်းပတဲ့ အကယ်ဒမီ ဆုပေးပွဲနဲ့ ခုနောက်ပိုင်းမှာ ကျင်းပတဲ့ အကယ်ဒမီဆု ပေးပွဲတွေရဲ့ ပုံစံချင်းကွဲပြားပုံတို့ ကိုလည်း ရုပ်ရှင်မင်းသမီးကြီး ခင်သန်းနုက အခုလို ပြောပြပါတယ်။

” အန်တီ တို့တုန်းက အကယ်ဒမီပွဲဆို ဒီလောက်ထိ ကြီးကြီးကျယ်ကျယ် မလုပ်ပေမယ့် သိပ်သိပ်သည်းသည်း ရှိလှပါတယ်။ မတူတာတွေတော့ မတူဘူးပေါ့နော်။ ပြောမယ်ဆိုရင် အမြင်အားကျတော့ စည်ကားတယ် ဆိုပေမယ့်လည်း အရင်တုန်းကလို စည်ကားပြီးတော့ လေးနက်တဲ့ ပုံစံချင်းကတော့ မတူကြဘူး။ နေရာထိုင်ခင်းက အစ ပေါ့လေ။ အရင်က နည်းနည်းနဲ့ ကောင်းကောင်းနဲ့ သိပ်သိပ် သည်း သည်းလေးပေါ့နော်။ အခုကတော့ တအားကို များတာပေါ့။ များပြီးတော့ အားလုံးရဲ့ အလှအပ လေး တွေကလည်း လှလို့မဆုံး၊ ကြည့်လို့ မဆုံး၊ အသစ်အဆန်းလေး တွေ ကလည်း တွေ့ရလို့ မဆုံးဘူးပေါ့ နော်။ အဲဒီသဘောမျိုးလေးတွေ တော့ ရှိလာပါတယ်”လို့ ပြောပြပါတယ်။

ရရှိခဲ့တဲ့ အကယ်ဒမီဆုအပေါ် ခံစားရတဲ့ ခံစားချက်များကို ရုပ်ရှင် မင်းသမီးကြီး အကယ်ဒမီ ခင်သန်းနု က အခုလို ပြောပြပါတယ်။

khint

” အန်တီတို့တုန်းက ဇာတ်ကား ပေါင်း ၁ဝဝ၊ ၈ဝကနေ အကယ်ဒမီအတွက် ကြည့်ကြတယ်။ အဲဒီထဲကမှ ကိုယ့်ရဲ့အကယ်ဒမီကို မျှော်မှန်းခဲ့ကြ ရတယ်။ တအားရင်ခုန်ဖို့လည်း ကောင်းတယ်။ အခုနောက်ပိုင်းပေးတဲ့ အကယ်မီက အရေအတွက် နည်း နည်း လေးဆိုတော့ အန်တီတို့လောက် မပင်ပန်းဘူးပေါ့နော်။ ဝေဖန်သံ တွေလည်း အမျိုးမျိုးကြားနေရတယ်။အန်တီတို့ တုန်းက ဘာမှမဝေဖန်ကြ ဘူး။ ဒီနှစ်မရရင် နောက်နှစ်ပေါ့ဆိုပြီး တရားနဲ့ပဲ ဖြေခဲ့ကြတယ်။ ငါဆု ရအောင် ငါထပ်ကြိုးစားမယ် ဆိုတာ နဲ့ပဲ အခုလို နှစ်ပေါင်း ၅ဝကျော်အထိ အန်တီဆွဲလာခဲ့တာ။ ဒါလေးတွေ တော့ ရှိတယ်။ အန်တီ ပထမဆုံး ရရှိတဲ့ အကယ်ဒမီတုန်းက ဆိုရင် ရင်ခုန်တာမှ ပြောမနေပါနဲ့။ အိမ်ထောင် ပထမဆုံးကျတဲ့ ဖီလင် လေးပေါ့။ မိုးမမြင် လေမမြင် ပျော်နေရတဲ့ အချစ်မျိုးလေးပေါ့။ သိပ် ပျော်ပါတယ်။ နောက်ပြီး အန်တီက ၂၃နှစ်မှ တစ်ခါပြန်ရတယ်။ အဲဒါ ကလည်း မာရသွန်ပြေးပွဲလိုပါပဲ။ ကြိုးစားမှဖြစ်တဲ့အတွက် ကိုယ်အမြဲ ကြိုးစားတော့ ကိုယ့်အတွက် ဗဟုသု တတွေရတာပေါ့။ ၂၃နှစ်ကြာမှ တစ်ခါပြန်ရတာ ကိုယ့်ကြိုးစားမှုနည်း လို့၊ ကိုယ်ညံ့နေသေးလို့သာ ဒီအချိန် ကျမှ ပြန်ရတာလို့ပဲ သဘောထားပါ တယ်။ ဘာပဲဖြစ်ဖြစ် ဆုပေးတဲ့သူ တွေကို ကျေးဇူးအထူး တင်ရပါတယ်။ ၂၃နှစ်မှရလည်း ပျော်တာပါပဲ။ ဒါပေသိ မောပြီးမှ ရတာဆိုတော့ ကိုယ်ဘယ်လို ညံ့ခဲ့လို့လဲဆို တာတော့ တွေးမိတာပေါ့။ ရှေ့က အကယ်ဒမီ ၂ခုစလုံးက အဓိက ဇာတ်ဆောင် ဆုတွေပဲ ရရှိခဲ့တာ။ တတိယဆုကျ တော့ အန်တီက အဓိက သရုပ်ဆောင်ပဲ ဆိုပေမယ့် ရရှိတဲ့ဆုက ဇာတ်ပို့ဆု ဆို တော့ အန်တီ တော် တော် လန့်သွားတယ်။ အော်၊ ရုတ်တရက် ကိုယ့်ကို ရာထူးက ဖြုတ်ချလိုက် သလိုများလား ဆိုပြီး တွေးတောင် တွေးမိလိုက်ပါ တယ်။ ဘာပဲဖြစ်ခဲ့ဖြစ်ခဲ့ ပေးတဲ့ သူတွေကို ကျေးဇူးတင်ရတာပါပဲ” လို့ အကယ်ဒမီ ဆုတွေနဲ့ ပတ်သက်ပြီးရရှိခဲ့တဲ့ အမှတ်တရ အဖြစ်အပျက်များကို ပြန်ပြောပြခဲ့ပါတယ်။

အကယ်ဒမီများရှင်မင်းသမီးကြီး ခင်သန်းနုက မနှစ်က အကယ်ဒမီ ဆုပေးပွဲကို တက်ရောက်ပြီး ဆုများ ချီးမြှင့်ပေးခဲ့တာကို တွေ့ရလို့ ဒီနှစ် အကယ်ဒမီ ဆုပေးပွဲကိုကော တက် ဖြစ်မလားလို့ မေးတဲ့အခါမှာတော့ “အန်တီကျန်းမာနေရင်တော့ တက်ဖြစ်မယ်။ ဒီလိုပွဲကို တက်ရောက် ရတဲ့ အတွက် ပီတိဖြစ်ရတယ်။ မုဒိ တာပွားရတယ်ဆိုတာ အန်တီရဲ့ ရင်ထဲမှာ ဘာပဲပြောပြော လုပ်သင့်လုပ်ထိုက်တဲ့ အရာလေးတစ်ခုပဲလို့ အန်တီက ထင်ပါတယ်” လို့ ဖြေကြားခဲ့ပါတယ်။

ဇင်မာနွယ်
ဓာတ်ပုံ- အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here