ပြေတီဦး ပညာရေးဖောင်ဒေးရှင်း ရန်ပုံငွေပဒေသာကပွဲကြီးကို ထူးခြားမှုတွေဖြင့် ပြုလုပ်မည်

0
300

Pay Ti Oo

ပြေတီဦး ပညာရေး ဖောင်ဒေးရှင်းရန်ပုံငွေ ပဒေသာကပွဲကြီးကို ဇန်နဝါရီလ ၂၉ ရက်နေ့ ည ၇ နာရီ အမျိုးသားကဇာတ်ရုံမှာ ကျင်းပသွားမှာဖြစ်ပါတယ်။ ပြေတီဦး ပညာရေး ဖောင်ဒေးရှင်းရန်ပုံငွေပွဲမလုပ်တာ ၂နှစ်ကြာရှိပြီ ဖြစ်ပြီး အခုနှစ်မှာတော့ ထူးခြားစွာစီစဉ်ထားကြောင်းကိုတော့ ပြေတီဦးက…

” ပွဲအစမှာ Emperor နဲ့ စတိတ်ရှိုးပါမယ်။ အဆိုတော်တွေက ဖျော်ဖြေကြမယ်။ အဲဒါပြီးတော့ ပြဇာတ်ပေါ့။ ပြဇာတ်မှာလည်း နာမည် ကြီးမင်းသား၊ မင်းသမီးတွေအများကြီးပါပါမယ်။ အဓိကတော့ ပြဇာတ်ဆိုပေမယ့် ပုံစံလေးအသစ် ဖြစ်မှာပါ။ နေတိုးတို့ နှင်းဆီအဖွဲ့ကလည်း ဒီပြဇာတ်ထဲမှာ အကုန်ဝင် ပါထားကြတော့ ထူးထူးခြားခြားလေးဖြစ်မှာပါ” လို့ ပြောပါတယ်။

ဒီပွဲမှာ Emperor Music Band နဲ့အတူ ဇော်ဝင်းထွဋ်၊ Rဇာနည်၊ လင်းလင်း၊ ထွန်းအိန္ဒြာဗို၊ ကော်နီ၊ ချမ်းချမ်း၊ ရဲအောင်တို့က တေးသီချင်းများဖြင့် ဖျော်ဖြေသွားမှာဖြစ်ပြီး New Channel ပြဇာတ်မှာ ရန်အောင်၊ ရဲအောင်၊ လူမင်း၊ မင်းမော်ကွန်း၊ နေတိုး၊ ခန့်စည်သူ၊ ကျော်ကျော်ဗို၊ ထွန်းထွန်း၊ ရဲလေး၊ ညီထွဋ်ခေါင်၊ ဦးအောင်လွင်၊ ကိုပေါက်၊ ငှက်ပျောကြော်၊ နေလင်း၊ Five Star အဖွဲ့နှင့် ပြေတီဦး၊ ထွန်းအိန္ဒြာဗို၊ အိန္ဒြာကျော်ဇင်၊ ခိုင်နှင်းဝေ၊ အိချောပို၊ ယုသန္တာတင်၊ နန်းခင်ဇေယျာ၊ ခင် ဝင့်ဝါ၊ ပိုင်ဖြိုးသု၊ ရွှေသမီး၊ ရတနာဗို၊ ယွန်းရွှေရည် တို့ပါဝင်မှာဖြစ်ကြောင်း သိရပါတယ်။

” ကလေးတွေကအခုဆိုရင် ၁၆၆ ယောက်ရှိလာပြီ။ အင်အားများလာပြီ။ ဒီကလေးတွေကို ကျွန်တော်တို့က တစ်လကို ၆သောင်းပဲ ထောက် ပံ့ပေးနိုင်တယ်။ ဒီဖောင်ဒေးရှင်းပွဲပြီးရင်တော့ ဒီထက်ပိုတိုး ပြီးတော့ ထောက်ပံ့ပေးသွားနိုင်မှာပါ။ ရန်ပုံ ငွေပိုရဖို့အတွက်ကို ဒီပွဲကို ကျင်းပဖြစ်တာပါ။ ကျွန်တော်တို့ အနေနဲ့ကတော့ ဒီအလှူရှင်တွေရဲ့ အလှူငွေတွေကို တစ်ပြားတစ်ချပ်မှ မလစ်ဟင်းရအောင် လစဉ် လချုပ်စာရင်း၊ နှစ်ချုပ် စာရင်းတွေနဲ့ စာရင်းဇယားတွေ အတိအကျ ရှိပါတယ်။ လှူဒါန်းလို့ရထားတဲ့ အလှူငွေ ငွေပင်ငွေရင်းအားလုံးကို လုံးဝမသုံးဘဲနဲ့ ဘဏ်မှာအပ်တယ်။ ရလာ တဲ့အတိုးငွေတွေကိုပဲ ကလေးတွေကို ထောက်ပံ့ပေးတဲ့အတွက် ဒီငွေပင် ငွေရင်းကလည်း လုံးဝပျောက် မသွားဘူး။ အမြဲတမ်းရေရှည် တည်တံ့နိုင်အောင် ဒီလိုလေးစဉ်းစားထားတာပါ။ ဆေးကျောင်းမှာ ဂုဏ်ထူးထွက်တဲ့ကလေးတွေ၊ စက်မှုတက္ကသိုလ် က ဂုဏ်ထူးထွက်တဲ့ ကလေးတွေလည်း အများကြီး ရှိပါတယ်။ ဒါတွေက အားရကျေနပ် စရာကောင်းပါတယ်။ ဒါကြောင့် ဝိုင်းဝန်း ပါဝင်လှူဒါန်းပြီး ပွဲကိုလည်း အားပေးပါဦးလို့ ဖိတ်ခေါ်ချင်ပါတယ်” လို့ အလှူငွေများ လှူ ဒါန်းပြီး လာရောက်အားပေးစေလိုကြောင်း ပြေတီဦးက ပြောပါတယ်။

ခိုင်ဝေလွင်
ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here