ပျော်စရာတိုင်းပြည်

0
106

akyit

ကျွန်တော်ကို နိုင်ငံခြားမှာ နေကြတဲ့ မိတ်ဆွေများက ဖိတ်ခေါ်ပါတယ်။

” ဒီနိုင်ငံမှာနေပါလား။ တအား ပျော်စရာကောင်းတာ” ကျွန်တော် ပြန်မေးမိတယ်။
” မင်းတို့မှာ ဘယ်လိုပျော်စရာ တွေရှိလဲ”
“အဓိကကတော့ လုံခြုံတယ်။ ပျော်စရာကတော့ ငွေရှိရင်ရှိသလို ပျော်ရတာပဲ” ကျွန်တော် ရယ်မိတယ်။ ပြီး တော့ ပြန်ပြောမိတယ်။

” ငွေရှိမှ ပျော်ရမယ်ဆိုတာ ဘယ်တရားပါ့မလဲ။ ငါတို့ဆီမှာက ငွေမလိုဘူး။ ပျော်စရာက အမြဲတမ်းရှိနေတာ”
ဟိုနိုင်ငံကကောင် အတော် စဉ်းစားသွားတယ်။ ပြီးမှ.. “နေပါဦး..ငွေမရှိဘဲ ဘယ်လို ပျော်ရတာလဲ”

” အစိုးရက လုပ်ပေးတာလေ”
“ဘယ်လို..ဘယ်လို” ဟိုကောင် မစဉ်းစားတတ် ဖြစ်သွားပုံရတယ်။ သူတို့နိုင်ငံတွေမှာ လူတွေပျော်ဖို့ ဘယ်အစိုးရကမှ လုပ်ပေးပုံမပေါ်ဘူး။

” ဆိုပါဦး။ အစိုးရက လူတွေ ပျော်အောင်ဘယ်လိုလုပ်ပေးလဲ ”
“မီးမကြာဏလာပေးတယ် လေ”
“ဟင်” ” ဟုတ်တယ် လေ..။ ငါတို့ ဆီမှာ ပျော်စရာကို ငွေကုန်ကြေးကျခံပြီး လိုက်ရှာ စရာမလိုဘူး။ မီးလာလည်း ပျော်ရတာပဲ။ လမ်းကလေး ပြင်ပေးလည်း ပျော်ရတာပဲ။ ကိုယ့်ပိုက်ဆံနဲ့ကိုယ်ဝယ်ထားတဲ့ ဝစ်သောက်ဆိုင်ကယ်လေးရဲ မဖမ်းလည်း ပျော်နေရတာလေ”” သြော်..အဲဒီလိုလား” ဒီတော့မှ ဒီကောင်အစိုးရရဲ့ စေတနာကို နားလည်သွားတယ် ထင်တယ်။

ဟုတ်ပါတယ်။ ကျွန်တော်တို့ ဆီမှာ ပျော်စရာများလွန်းလှပါတယ်။ ရိုးရာထုံးစံအရကို ဆယ့်နှစ်လရာသီပွဲဆိုတာ ရှိပါတယ်။ တန်ခူး၊ ကဆုန်၊ နယုန်၊ ဝါဆို၊ ဝါခေါင်၊ တော်သလင်း၊ သီတင်းကျွတ်၊ တန်ဆောင်မုန်း၊ နတ်တော်၊ ပြာသို၊ တပို့တွဲ၊ တပေါင်း စသည်ဖြင့် ပွဲတော် မရှိတဲ့လရယ်လို့ မရှိပါဘူး။ဒါ့အပြင် အခြားသော နေ့ထူးနေ့မြတ်ပွဲ။ ဆိုပါစို့- ပြည်ထောင်စုနေ့၊ လွတ်လပ်ရေးနေ့၊ အမျိုးသားနေ့၊ ဘာနေ့၊ ညာနေ့အပြင် ဘာအောင်ပွဲ၊ ညာအောင်ပွဲတွေကလည်း မနည်းလှပါဘူး။ အဲဒီပွဲတွေအပြင်ကို ပြည်သူများက “မီးလာလည်း ပျော်ရ”၊ “လိုင်းကားချောင်လည်း ပျော်ရ”၊ “ကားမပိတ်လည်း ပျော်ရ” နဲ့ ပျော်ကို ပျော်နေရတော့တာပါပဲ။ ဟုတ်ပါတယ်။ ပျော်စရာများတဲ့ တိုင်းပြည်ပါ။ ဒါပေမဲ့..ပျော်စရာမှာ စည်းကမ်းဆိုတာရှိပါတယ်။ကိုယ်တိုင်ပဲ လွတ်လွတ်လပ်လပ် ပျော်မယ်။ ကျန်တဲ့လူတွေ ဂရုမစိုက်ဘူးဆိုတာ မှားပါတယ်။ ဆိုပါတော့..။

ဘယ်နေရာအတွက် လှူရန်ဆိုတဲ့ ဆိုင်းဘုတ်တစ်ခုနဲ့ လမ်းပေါ်မှာ လမ်းပိတ်သည်အထိ အရုပ်ကြီးတွေလုပ်၊ မူးယစ်ကခုန်နေတာဟာ ပျော်စရာတစ်ခုတော့ မဟုတ်ပါဘူး။ တချို့နေရာတွေမှာ ကိုယ့်ရဲ့ ပျော်ရွှင်မှုအတွက် တခြားသူတွေ ထိခိုက် နစ်နာနေရတာကလည်း ပျော်စရာ မဟုတ်ပါဘူး။သင်္ကြန်ကာလပဲဆိုပါစို့။ ကိုယ်တိုင် သောက်စားမူးယစ်ပြီး တခြားသူကို အနှောင့်အယှက်ဖြစ် စေတာပျော်စရာမဟုတ်ပါဘူး။ ပျော်စရာမှာလည်း စည်းကမ်း ဆိုတာ ရှိပါတယ်။ ပျော်ပွဲရွှင်ပွဲ ကျင်းပတယ်ဆို တာ သူ့စည်းကမ်းနဲ့သူရှိပါတယ်။ စည်းကမ်းအတွင်းမှာပဲ ပျော်စရာရှာမှ ပျော်ရွှင်မှုအစစ်အမှန် မဟုတ်ပါဘူး။ ဆိုပါစို့..။ ပျော်စေချင်လို့ ပျော်ပွဲရွှင်ပွဲ ကျင်းပပေးတယ်။ ကိုယ်လည်း ပျော်ချင်လို့ ပွဲတော်သွား တယ်။ ပွဲတော်သွားပြီး ဒီအတိုင်း ပျော်ခဲ့တာမဟုတ်ဘဲ ကွမ်းသွေးတွေ လိုက်ထွေး၊ အမှိုက်တွေလျှောက်ဖွ သွားတာမျိုး၊ သူတစ်ပါးကိုအနှောင့် အယှက်ပေးပြီး ပျော်စရာရှာခဲ့တာ ဟာ အမှန်တော့ သိမ်ဖျင်းလွန်းပါ တယ်။ ကိုယ့်ရဲ့ပျော်ရွှင်မှုအတွက် တစ်ပါးသူအားလုံး အနှောင့်အယှက် ဖြစ်စေတာကတော့ အင်မတန်မှကို မလုပ်ကောင်းတဲ့ အလုပ်တစ်ခုပါပဲ။ဆိုပြီးသားပါ။ ပျော်ရွှင်မှုမှာ အကန့်အသတ်ရှိပါတယ်။ ချမှတ် ထားတဲ့ ဘောင်အတွင်းမှာ ပျော်ရွှင် မှုကို ရှာမှသာ စစ်မှန်တဲ့ပျော်ရွှင်မှု ရမှာပါ။ အဲဒီအထဲကမှ ကိုယ်တစ် ယောက်တည်း ဘောင်ကျော်ပြီး ပြုလုပ်ခဲ့ရင်တော့ ကိုယ့်ရဲ့ဘောင် ကျော်မှုဟာ တစ်ပါးသူပျော်ရွှင်မှုကို အနှောင့်အယှက်ဖြစ်စေလို့ ပျော်ရွှင်မှုအစစ်လို့ ပြောလို့မရပါဘူး။ ဒါကြောင့်.. ပျော်စရာကောင်းတဲ့ တိုင်းပြည် ပါ။ ပျော်ပါ။ ပျော်ရွှင်မှုကို စည်း ဘောင်အတွင်းကပဲ ရှာဖွေနိုင်ကြပါ စေ။ ရှာဖွေတတ်ကြပါစေလို့ ဆု တောင်းပေးလိုက်ပါတယ် ခင်ဗျား။

အကြည်တော်


LEAVE A REPLY

Please enter your comment!
Please enter your name here