အကယ်ဒမီပွဲမှ ထူးခြားဖြစ်စဉ်များ

0
433

acad

7 အကယ်ဒမီပွဲနဲ့ နှစ်များစွာဝေးကွာနေတဲ့ သရုပ်ဆောင် ဦးကျော်သူတက်ရောက်ခဲ့တာဟာလည်း ထူးခြားမှုတစ်ခုဖြစ်ပါတယ်။ အခုနှစ်မှာတော့ ယခင်နှစ်များက ပေးအပ်ခြင်းမရှိခဲ့တဲ့ ရုပ်ရှင်အသံဆုကိုလည်း ၂ဝ၁၄ ခုနှစ် အတွက်ထည့်သွင်းချီးမြှင့်ခဲ့ပြီး ၂ဝ၁၄ ခုနှစ်ရဲ့ အကောင်းဆုံး ဒါရိုက်တာဆုကိုတော့ ထည့်သွင်း ချီးမြှင့်ခြင်းမရှိခဲ့တာကို ထူးခြားစွာ တွေ့ရပါတယ်။ ဒါ့အပြင် ၂ဝ၁၅ခုနှစ်အတွက် အသံဆု၊ ဇာတ်ညွှန်းဆု၊ ဇာတ်ကားဆုတို့ကိုလည်း ထည့်သွင်းချီးမြှင့်ခြင်း မရှိခဲ့တာကိုလည်းတွေ့ရပါတယ်။ အခုနှစ်အတွက် ဇာတ်ပို့ဆုများကိုတော့ ဟာသသရုပ်ဆောင်များဖြစ်ကြတဲ့ တက္ကသိုလ်ဂွမ်းပုံနဲ့ ဗေလုဝတို့ ရရှိသွားခဲ့ခြင်းက ပုံမှန်ထက်ထူးခြားတဲ့ ပြောင်းလဲမှုတစ်ခုလို့ဆိုနိုင်ပြီး ပရိ သတ်တို့ရဲ့ ရင်ခုန်သံနဲ့လည်း ထပ်တူကျခဲ့တဲ့ ဆုတစ်ဆုဖြစ်ပါတယ်။ ဒါ့အပြင် ခေတ်ပြိုင်စူပါမင်းသား နှစ်လက်လို့ဆိုရမယ့် ပြေတီဦးနဲ့ နေတိုးတို့နှစ်ဦး တစ်ချိန်တည်းမှာ တစ်နှစ်စီအတွက် အကယ်ဒမီဆုများ ရယူနိုင်ခဲ့ခြင်းကလည်း ထူးခြားမှုတစ်ခုဖြစ်သလို ပရိသတ်တို့ရဲ့ စိတ်ကျေနပ်မှု ရင်ခုန်သံတို့နဲ့လည်း ထပ်တူကျခဲ့ပါတယ်။ ဆွေမျိုးတော်စပ်ကြတဲ့ ဖွေးဖွေးနဲ့ ဝတ်မှုံရွှေရည်တို့နှစ်ဦးကလည်း ဒါရိုက်တာဝိုင်းရဲ့လက်ရာများနဲ့ တိုက်ဆိုင်စွာပဲ တစ်နှစ်စီကို ရုပ်ရှင်တစ်ကားစီနဲ့ အကယ်ဒမီဆုများ အသီးသီးရရှိခဲ့ပါတယ်။ ၂ဝ၁၅ ခုနှစ်အတွက် အမျိုးသားဇာတ်ပို့ဆုကိုရရှိခဲ့တဲ့ ဗေလုဝကတော့ အကယ်ဒမီနေ့မှာ ခရီးလွန်နေတာကြောင့် သူ့ရဲ့သားငယ်လေး ဗေလုသက္ကရာဇ်က ဖခင်ကိုယ်စား ဆုတက်ရောက်ယူခဲ့ပါတယ်။ ဒါ့အပြင် “ကျူးပစ်ရဲ့ကျေးကျွန်များ” ဇာတ်ကားနဲ့ ဓာတ်ပုံဆုရရှိခဲ့တဲ့ ဦးဇော်မြင့်ဟာဆုံးပါးခဲ့ပြီဖြစ်တာကြောင့် သူ့ရဲ့သားကသူ့ကိုယ်စား ဆုတက်ယူခဲ့ခြင်းကလည်းဝမ်းသာ၊ ဝမ်းနည်းဖြစ်ခဲ့ရပါတယ်။

၂ဝ၁၅ ခုနှစ်အကယ်ဒမီအတွက် တစ်ကြိုပေးခံထားရတဲ့ စာရင်းထဲမှာ အောင်ဘာလေရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံးအမျိုးသား ဇာတ်ပို့ဆုကိုရရှိမယ်လို့ ပရိသတ်တွေနဲ့ ရုပ်ရှင်လောကသားအများစုက ဟာသသရုပ်ဆောင်ခင်လှိုင်ကို ခန့်မှန်းထားခဲ့ပေမယ့် အကယ်ဒမီပွဲညမှာတော့ ခင်လှိုင်ဟာ အကယ် ဒမီနဲ့လွဲချော်ခဲ့ရပါတယ်။ ဒါပေမဲ့လည်း ရုပ်ရှင်လောကသားတွေကတော့ ခင်လှိုင်ရရှိမယ်ဆိုတဲ့ စိတ်တွေနဲ့ ခင်လှိုင်ရဲ့ ထိုင်ခုံနားမှာပဲ တဝဲလည်လည် ရှိနေခဲ့ပြီး အကယ်ဒမီဆုမရရှိခဲ့တဲ့အတွက် လာရောက်ချွေးသိပ်နှစ်သိမ့်မှုတွေ ပြုလုပ်နေခဲ့တာကိုလည်း တွေ့ခဲ့ရ ပါတယ်။ ခင်လှိုင်ကတော့ အဲဒီနေ့ ညကပဲ အကယ်ဒမီမရခဲ့တာနဲ့ ပတ်သက်ပြီး သူ့ရဲ့ ဖေ့စ်ဘုတ်ခ်စာမျက်နှာပေါ်မှာ ”အကယ်ဒမီပွဲဆိုတာ ကမ္ဘာကျော်မျက်လှည့်ပွဲလိုပဲ …။ ဟက်ချလောင်းဆိုတဲ့ မှော်ဆရာရဲ့ သြဇာအောက်မှာ တကယ်မရှိတဲ့အရာတွေက ရောက်လာတတ်ပြီးတော့ တကယ်ရှိတဲ့အရာတွေက ပျောက်ပျောက်သွားတတ်တယ်။ ဒါ ပေမဲ့ တကယ်ရှိပြီးသားအရာတွေက ဘယ်တော့မှ ပျောက်သွားမှာမဟုတ်ဘူးဆိုတာတော့ …”လို့ ရေးသားထားခဲ့ပါတယ်။ အဲဒီရေးသားမှုကြောင့်လည်း သူ့ရဲ့ ပရိသတ်တွေကတော့ အားမငယ်ဖို့ ဆက်လက်ကြိုးစားဖို့နဲ့ ပရိသတ်တွေရဲ့ ရင်ဘက်ထဲက ပေးထားတဲ့ အကယ်ဒမီကို ရရှိပိုင်ဆိုင်နေ ခဲ့ပြီဖြစ်တဲ့အကြောင်းတွေကို ပြော ရင်း ခင်လှိုင်ကို နှစ်သိမ့်ထားတဲ့ စကားတွေကိုလည်း တွေ့ရပါတယ်။ အခုနှစ် အကယ်ဒမီကတော့ ပြောင်း လဲမှုတွေများစွာနဲ့ ကျင်းပခဲ့သလို ထူးခြားမှု များစွာကလည်း ပရိသတ် တို့အတွက် ရင်ခုန်သံမြန်စေခဲ့တဲ့ အကယ်ဒမီညတစ်ညပဲ ဖြစ်ခဲ့ပါတယ်။

ရဲရဲ၊ ထက်လူ


LEAVE A REPLY

Please enter your comment!
Please enter your name here