တာချီလိတ်၊ ဩဂုတ် ၁၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၏ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် Cultural Tourism နှင့် Cross-border Tourism မြှင့်တင်ရန် ပြည်ထောင်စုဝန်ကြီးဦးမောင်မြင့်က တိုက်တွန်းပြောကြားခဲ့သည်။
ဩဂုတ် ၁၀ ရက် နံနက်ပိုင်းက တာချီလိတ်မြို့ရှိ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ အသင်းအဖွဲ့များ၊ လုပ်ငန်းရှင်များနှင့် တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ယဉ်ကျေးမှုအခြေပြုခရီးသွားလုပ်ငန်း (Cultural Tourism)၊ ပွဲတော်အခြေပြုခရီးသွားလုပ်ငန်း (Festival Tourism)၊ အစားအသောက်အခြေပြုခရီးသွားလုပ်ငန်း (Gastronomy Tourism)၊ စွန့်စားခရီးသွားလုပ်ငန်း (Adventure Tourism)၊ သဘာဝအခြေပြုခရီးသွားလုပ်ငန်း (Ecotourism) နှင့် ရပ်ရွာလူထုအခြေပြုခရီးသွားလုပ်ငန်း (Community-Based Tourism) တို့ကို ပိုမိုဖော်ထုတ်မြှင့်တင်ရန် လိုအပ်ကြောင်း ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်က ပြောကြားသည်။
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် တိုင်းရင်းသားလူမျိုးများ၏ ထူးခြားလှပသည့် ရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်းများကို ကမ္ဘာက ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်စေရန် Festival Tourism ကို မြှင့်တင်ရန်လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောသည်။
ထို့ပြင် ဒေသထွက်ရိုးရာအစားအသောက်များကို ပြည်တွင်းသာမက နိုင်ငံတကာကပါ သိရှိနှစ်သက်လာစေရန် Gastronomy Tourism ကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရန်၊ ဘာသာရေးနှင့် ရိုးရာယဉ်ကျေးမှုဆိုင်ရာပွဲတော်များကို ခရီးသွားလုပ်ငန်းနှင့် ပေါင်းစပ်ဖော်ထုတ်ရန် လိုအပ်ကြောင်း တိုက်တွန်းခဲ့သည်။
ထို့ပြင် ခြေလျင်တောင်တက်ခြင်း၊ တောတွင်းလမ်းလျှောက်ခြင်းတို့ကဲ့သို့ Adventure Tourism နှင့် Ecotourism ကို မြှင့်တင်ရန်၊ ဒေသခံများ၏ လူမှုစီးပွားဘဝကို တိုက်ရိုက်အကျိုးပြုနိုင်သည့် Community-Based Tourism ကိုလည်း တိုးချဲ့ဖော်ဆောင်ရန် လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
အဆိုပါတွေ့ဆုံပွဲတွင် လုပ်ငန်းရှင်များက လက်ရှိကြုံတွေ့နေရသည့် အခက်အခဲများနှင့် လုပ်ငန်းလိုအပ်ချက်များကို တင်ပြခဲ့ကြရာ ပြည်ထောင်စုဝန်ကြီးက သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။