နေပြည်တော်၊ ဩဂုတ် ၈
နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တိုတွင် ဩဂုတ် (၈) ရက်နေ့မှ (၁၁)ရက်နေ့အထိ နေရာစိပ်စိပ်မှ နေရာအနှံအပြား မိုးထစ်ချုန်းရွာပြီး အချိုဒေသများတွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန(မိုးဇလ) က ယနေ့ တွင် အသိပေးထုတ်ပြန်ထားသည်။
ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေ အားကောင်းနေခြင်း၊ အိန္ဒိယနိုင်ငံ အနောက်ဘင်္ဂလားပြည်နယ်ကမ်းခြေနှင့် ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတို့တွင် လေထုမငြိမ်မသက်ဖြစ်ပေါ်နေခြင်းနှင့် မိုးတိမ်တောင်များ အားကောင်းနေခြင်းတို့ကြောင့် မိုးကြီးနိုင်ခြင်း ဖြစ်သည်။
ထို့ကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက် ရေကြီးခြင်းနှင့် မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်သဖြင့် ကုန်းမြင့်ဒေသနှင့် မြစ်/ချောင်းငယ်များအနီး နေထိုင်သူများ ကြိုတင်သတိပြုရန် လိုအပ်သည်။
ထို့ပြင် ပြည်တွင်းလေကြောင်း ပျံသန်းရေးနှင့် မြန်မာ့ကမ်းရိုးတန်း၊ ကမ်းလွန်ပင်လယ်ပြင်ရှိ ငါးဖမ်းရေယာဉ်၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုကြရန် မိုးဇလက နှိုးဆော်ထားသည်။
