မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်ရှိ ဆည်တော်ကြီးရေလှောင်တမံအတွင်း ရေဝင်ရောက်မှု များပြားလာသည့်အတွက် ရေထိန်းညှိ လျှော့ချမှုများ ပြုလုပ်ခဲ့ရသည်။
ထို့ကြောင့် ချောင်းမကြီးအနီးရှိ ကျေးရွာများအတွင်း ရေဝင်ရောက်ကာ မန္တလေး-မိုးကုတ်ကားလမ်း၊ တံငါတောင်ကျေးရွာအနီး မိုင်တိုင်အမှတ် ၂၅/၁ နှင့် ၅ ကြားတွင် ယနေ့နံနက် ၆ နာရီမှစ၍ သုံးပေခန့် ရေကျော်လွန်လျက်ရှိသည်။
အဆိုပါ မန္တလေး-မိုးကုတ် ကားလမ်းပေါ် ရေကျော်လွန်နေသည့် အခြေအနေများကြောင့် သက်ဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကယ်ဆယ်ရေးအဖွဲ့များနှင့် ဒေသခံလူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ နံနက် ၈ နာရီခွဲမှစတင်ကာ ခရီးသွားလာသူများ လုံခြုံစွာ ဖြတ်သန်းနိုင်ရေး၊ ယာဉ်ကြောပိတ်ဆို့မှု မရှိစေရေးနှင့် ရေဘေးသင့်နေအိမ်များနှင့် အုတ်စက်ရုံများတွင် ပိတ်မိနေသူများအား ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိသည်။
လက်ရှိတွင် ရေဘေးသင့်ပြည်သူများအား ဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်းပေးခြင်း၊ လိုအပ်သည့် ကူညီကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးလုပ်ငန်းများကို သက်ဆိုင်ရာဌာနများ၊ လူမှုကူညီရေးအသင်းအဖွဲ့များက အနီးကပ် ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဆည်တော်ကြီးရေလှောင်တမံ၏ ကန်ရေပြည့်မှတ်မှာ ၄၁၉.၅ ပေဖြစ်ပြီး ယနေ့နံနက် တိုင်းတာချက်အရ ရေမှတ်မှာ ၄၁၇.၈ ပေသို့ ရောက်ရှိနေသည့်အတွက် တမံအတွင်း ရေပမာဏ ထိန်းညှိသည့်အနေဖြင့် ရေတံခါး ၅ ပေါက်အား ၂ ပေစီနှင့် ရေတံခါး ၂ ပေါက်အား ၁ ပေစီ လွှတ်ထားကြောင်း တာဝန်ရှိသူများ၏ ထုတ်ပြန်ချက်အရ သိရသည်။
Photo -MOI
