ကိုလံဘို၊ ဩဂုတ် ၇ ရက်
သီရိလင်္ကာနိုင်ငံသည် ၂၀၂၆ ခုနှစ်မှ ၂၀၂၉ ခုနှစ်အထိ အဆင့် သုံးဆင့်ဖြင့် ဆောင်ရွက်မည့် နိုင်ငံအဆင့် စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲရေး အစီအစဉ်တစ်ရပ်ကို အကောင်အထည်ဖော်သွားမည်ဖြစ်ပြီး အဆိုပါ စီမံကိန်းအတွက် သီရိလင်္ကာရူပီး ဘီလျံ ၃၀ (အမေရိကန်ဒေါ်လာ ၁၀၀ သန်းခန့်) လျာထားသတ်မှတ်ထားကြောင်း တာဝန်ရှိသူများက ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။
ယခု အစီအစဉ်သည် စွန့်ပစ်ပစ္စည်းများကို စုဆောင်းခြင်း၊ အမျိုးအစား ခွဲခြားခြင်း၊ စွန့်ပစ်ခြင်းနှင့် ပြန်လည်အသုံးပြုခြင်းတို့အတွက် ရေရှည် နိုင်ငံအဆင့် စနစ်တစ်ခု ထူထောင်ရန် ရည်ရွယ်ခြင်း ဖြစ်သည်။
သမ္မတရုံး ဆိုင်ရာ အတွင်းဝန်များအဖွဲ့ရုံး ၌ ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲတွင် ခရိုင်အဆင့် စွန့်ပစ်ပစ္စည်းဆိုင်ရာ အချက်အလက်များ၊ အဆိုပြု အဖြေရှာမှုများနှင့် အကောင်အထည်ဖော်ရာတွင် ကြုံတွေ့ရနိုင်သည့် အခက်အခဲများကို သုံးသပ်ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် တာဝန်ရှိသူများသည် နိုင်ငံတကာ စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှု နည်းလမ်းများနှင့် ဒေသတွင်း ကျွမ်းကျင်သူများ၏ အကြံပြုချက်များကိုပါ ထည့်သွင်းစဉ်းစားခဲ့ကြသည်။
အဆိုပါ အစီအစဉ်သည် အိမ်သုံး သဘာဝမြေဩဇာပြုလုပ်ခြင်း၊ စွန့်ပစ်ပစ္စည်း အမျိုးအစားခွဲခြားခြင်း၊ ပြန်လည်ဆန်းသစ် အသုံးပြုမှုမှတစ်ဆင့် ဝင်ငွေရရှိနိုင်သည့် အခွင့်အလမ်းများနှင့် ပိုမိုထိရောက်သော စွန့်ပစ်ပစ္စည်း စုဆောင်းမှုစနစ်များကို မြှင့်တင်ပေးမည်ဖြစ်သည်။ စည်းကမ်းမဲ့ စွန့်ပစ်မှုများကို ဥပဒေအရ အရေးယူမှုများ တင်းကြပ်ရန်နှင့် ပြည်သူများ တိုင်ကြားနိုင်သည့် အရေးကြီးဖုန်းလိုင်း တခုကို ထားရန်လည်း စီစဉ်ထားသည်။
ထို့အပြင် ကမ်းရိုးတန်း စွန့်ပစ်ပစ္စည်းများ၊ ဆေးဝါးဆိုင်ရာ စွန့်ပစ်ပစ္စည်းများနှင့် ဆိပ်ကမ်းများ ပတ်ဝန်းကျင်မှ ထွက်ရှိသော စွန့်ပစ်ပစ္စည်းများ (စွန့်ပစ် ဖိုက်ဘာမှန် ပစ္စည်းများနှင့် ငါးဖမ်းပိုက်များ အပါအဝင်) ကိုလည်း အထူးဂရုပြု ဆောင်ရွက်သွားမည်ဖြစ်သည်။
Ref: ဆင်ဟွာ
