ရန်ကုန်၊ သြဂုတ် ၇
ရန်ကုန်မြစ်အတွင်း လာမည့် သြဂုတ် ၁၂ ရက်မှ ၁၇ ရက်အတွင်း သာမန်ထက် ထူးကဲဒီရေများ တက်လာနိုင်သဖြင့် မြစ်ကမ်းနားဒေသများ၌ နေထိုင်သူများအနေဖြင့် ဘေးကင်းရာသို့ ရွှေ့ပြောင်းနိုင်ရေး ကြိုတင်ပြင်ဆင်ထားကြရန် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က သြဂုတ် ၇ ရက်တွင် သတိပေးချက် ထုတ်ပြန်ထားသည်။
အဆိုပါ ရက်များအတွင်း ရန်ကုန်မြစ်ရေသည် အခြေခံရေစစ်မျဉ်းအထက် အမြင့်ပေ ၂၀.၂၇ ပေမှ ၂၁.၁၆ ပေခန့်အထိ သာမန်ထက် ထူးကဲစွာ တက်လာနိုင်ကြောင်း သိရသည်။
ယခင်က ထူးကဲဒီရေ အမြင့်ဆုံးအနေဖြင့် ၂၂ ပေခန့်အထိ တက်ခဲ့ဖူးသည့်အတွက် လက်ရှိအခြေအနေမှာ စိုးရိမ်စရာ မရှိသော်လည်း ရေအမြင့် ပေ ၂၀ ကျော်လွန်ပါက မြစ်ကမ်းနားအနီး နေထိုင်သူများ ရေဘေးလွတ်ကင်းရေးအတွက် ဘေးကင်းရာသို့ ရွှေ့ပြောင်းနိုင်ရန် ကြိုတင်ပြင်ဆင်ထားသင့်ကြောင်း သတိပေးချက်၌ ဖော်ပြထားသည်။
