နေပြည်တော်၊ ဩဂုတ် ၇
မြန်မာနိုင်ငံ၏ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေးအတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီကို ဖွဲ့စည်း၍ လုပ်ငန်းတာဝန် (၂၅) ရပ် ချမှတ်ထားကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဦးက ပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီ ပထမအကြိမ် အစည်းအဝေးတွင် ပြောကြားခဲ့သည်။
နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများ ဟန်ချက်ညီစေရန် အမျိုးသားပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒများ၊ ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ မဟာဗျူဟာများနှင့် ပင်မလုပ်ငန်းအစီအစဉ်များကို ထုတ်ပြန်ထားပြီး ဖြစ်သည်။ လုပ်ငန်းတာဝန်များကို ကဏ္ဍအလိုက် အကောင်အထည်ဖော်ရန် လုပ်ငန်းကော်မတီ (၂) ရပ်နှင့် ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး/ပြည်နယ် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီများကိုလည်း ဖွဲ့စည်းသွားမည် ဖြစ်သည်။
မြန်မာနိုင်ငံသည် ကုလသမဂ္ဂ ပတ်ဝန်းကျင်ဆိုင်ရာ ကွန်ဗင်းရှင်းများ၏ အဖွဲဝင်နိုင်ငံဖြစ်သည့်အားလျော်စွာ နိုင်ငံတကာကတိကဝတ်များကို ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိသဖြင့် မြန်မာနိုင်ငံ အမျိုးသားအဆင့် ရာသီဥတုပြောင်းလဲမှုလျှော့ချရေးနှင့် လိုက်လျောညီထွေရှိစေရေးဆိုင်ရာ အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ် (Nationally Determined Contributions-NDCs)ကို ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲမှုဆိုင်ရာမူဘောင်ကွန်ဗင်းရှင်း အတွင်းရေးမှူးရုံးသို တင်သွင်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ သိရသည်။
အမျိုးသားအဆင့် ပလတ်စတစ်စီမံခန့်ခွဲမှု လုပ်ငန်းအစီအစဉ်နှင့် ပင်လယ်ကမ်းရိုးတန်းဒေသရှိ စက်မှုနှင့် မြိုပြလုပ်ငန်းဆိုင်ရာ စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုစနစ် လုပ်ငန်းစဉ်အဆင့်ဆင့်နှင့် လိုက်နာဆောင်ရွက်ရမည့် လုပ်ထုံးလုပ်နည်းများကိုလည်း ထုတ်ပြန်ထားကြောင်း သိရသည်။
