ကချင်ပြည်နယ်၊ မိုးညှင်းမြို့၌ ယနေ့ သြဂုတ် ၄ ရက်နံနက်ပိုင်းမှစတင်ပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြို့ပေါ်ရပ်ကွက်များအတွင်းရှိ နေအိမ်များနှင့် လမ်း များပေါ်သို့ ရေဝင်/ရေကျော်မှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
ရေလည်ကျွန်းရပ်ကွက်၊ နတ်ကြီးကုန်းရပ်ကွက်၊ ဆင်ဘိုကုန်းရပ်ကွက်၊ စိမ်းမြောက်(ပေ ၆၀ လမ်း)၊ အောင်ချမ်းသာရပ်ကွကနှင့် အုတ်ကျင်းရပ်ကွက်များအတွင်းသို့ရေများဝင်ရောက်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နမ့်ရင်းချောင်းရေမြင့်တက်ပြီး ချောင်းဘေးတစ်လျှောက်ရှိနေအိမ်များအတွင်းသို့လည်း ရေဝင်ရောက်မှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
ထို့ကြောင့် ရေဝင်ရောက်မှုများဖြစ်ပေါ်နေသည့် ရပ် ကွက်များရှိ နေအိမ်များအတွင်းနှင့် နမ့်ရင်းချောင်းဘေးတွင်နေထိုင်သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြရန် သက်ဆိုင်ရာတာဝန်ရှိသူများက အသိပေးနှိုးဆော်လျက်ရှိကြောင်း သိရသည်။
