သီလဝါအထူးစီးပွားရေးဇုန်အတွင်း Thilawa Property Development Limited (TPD) မှ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးခဲ့သည့် ၃.၃၇ မဂ္ဂါဝပ်ထွက် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း ရှေ့ပြေးစီမံကိန်း ဖွင့်ပွဲအခမ်းအနား ပြုလုပ်ခဲ့သည်။
ယမန်နေ့ (ဇူလိုင်လ ၃၁ ရက် )မွန်းလွဲပိုင်းက သန်လျင်မြို့နယ်၊ သီလဝါဥယျာဉ်မြို့တော်ရှိ Residential & Commercial ဧရိယာတွင် ကျင်းပခဲ့ခြင်းဖြစ်သည်။
အဆိုပါ စီမံကိန်းဖွင့်ပွဲ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့်၊ စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ဒေါက်တာမေသန်းနွယ် အပါအဝင် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးစိုးလင်းဟန် က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး Thilawa Property Development Co., Ltd ဥက္ကဋ္ဌ ဦးဝင်းအောင်က စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ခဲ့မှု အခြေအနေများနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြခဲ့သည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအောင်နိုင်သူက လမ်းညွှန်အမှာစကား ပြောကြားခဲ့ပြီး တာဝန်ရှိသူများက စီမံကိန်းအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။
ဆက်လက်၍ စီမံကိန်း ကမ္ပည်းမော်ကွန်းအား စက်ခလုတ်နှိပ်ကာ အမွှေးနံ့သာရည် ပတ်ဖြန်း၍ ဖွင့်လှစ်ပေးခဲ့ပြီး တက်ရောက်လာသူများသည် စီမံကိန်းဧရိယာအတွင်း လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
