ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားအသင့်အတင့်မှ အားကောင်းနေသဖြင့် ဩဂုတ်လ ၁ ရက်နေ့မှ ၅ ရက်နေ့အထိ တိုင်းနှင့် ပြည်နယ် အများအပြား၌ နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး ဒေသအချို့တွင် မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန (မိုးဇလ) က သတိပေး ထုတ်ပြန်လိုက်သည်။
မိုးဇလ၏ ထုတ်ပြန်ချက်အရ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးတို့အပြင် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်နှင့် ရှမ်းပြည်နယ်တို့တွင် မိုးတိမ်တောင်များ အားကောင်းစွာ ဖြစ်ထွန်းနေပြီး နေရာကွက်၍ မိုးကြီးနိုင်ကြောင်း သိရသည်။
မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင်လည်း တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်ကာ လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်မည်ဖြစ်သည်။ မိုးသက်လေပြင်းကျချိန်တွင် လေတိုက်နှုန်းမှာ တစ်နာရီလျှင် ၂၅ မိုင်မှ မိုင် ၃၀ အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်မှာ ၈ ပေမှ ၁၀ ပေခန့်အထိ မြင့်တက်နိုင်ကြောင်း သိရသည်။
ထိုသို့ မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့် အတူ လေပြင်းတို-က်ခတ်ခြင်း၊ ရုတ်တရက် ရေကြီးခြင်း၊ မြေပြိုခြင်း စတသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ကာ ကုန်းမြင့်ဒေသအနီး နေထိုင်သူများ၊ မြစ်ငယ်၊ ချောင်းငယ်အနီး နေထိုင်သူများ ကြိုတင်သတိပြုကြဖို့ လိုကြောင်းလည်း မိုးဇလက အသိပေးထားသည်။
အဆိုပါ ရာသီဥတုအခြေအနေကြောင့် ပြည်တွင်း လေကြောင်းပျံသန်းရေး လုပ်ငန်းများအပါအဝင် ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များနှင့် သင်္ဘောများအနေဖြင့်လည်း လိုအပ်သည့် ကြိုတင်သတိပြုမှုများ အထူးပြုလုပ်ကြရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက နှိုးဆော်ထားသည်။
