သဲဗွက်များဖြစ်ပေါ်မှုကြောင့် ငဝန်ရေကာတာ၏ တာဘောင်ပေ(၂၀)ခန့်ကျိုးပေါက်ခဲ့ရာ ကူညီကယ်ဆယ်ရေးနှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ်ဆောင်ရွက်ရန် ဧရာဝတီတိုင်းဝန်ကြီးချုပ်ဦးအေးကျော်က မှာကြားသည်။
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၊ သခွတ်ချောင်းကျေးရွာအုပ်စု၊ ဂျမ်းကုန်းကျေးရွာအနီးရှိ ငဝန်ရေကာတာကျိုးပေါက်မှုအတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးအရေးပေါ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ ဇူလိုင် ၃၁ ရက်နံနက်ပိုင်းကပြုလုပ်စဥ် မှာကြားခဲ့ခြင်းဖြစ်သည်။
ငဝန်ရေကာတာ၏ တာမိုင် ၂၅/၃ အနီး ဇူလိုင် ၃၀ ရက် နံနက်ပိုင်းတွင် သဲဗွက်များဖြစ်ပေါ်လာ၍ အရေးပေါ်ကာကွယ်ရေးလုပ်ငန်းများချက်ချင်းဆောင်ရွက်ခဲ့မှု၊ နောက်ပိုင်းတွင် သဲဗွက်များပိုမိုကျယ်ပြန့်လာပြီး မြစ်ရေတွန်းအားကြောင့် တာဘောင်ပေ(၂၀)ခန့်ကျိုးပေါက်ခဲ့သဖြင့် တာအတွင်းဘက်သို့ရေဝင်ရောက်ခဲ့မှုတို့ကို ရှင်းလင်းပြောကြားသည်။
တာကျိုးနေရာ၌ ရေရှိန်သတ်ခြင်း၊ ရေပေါက်ပိတ်ဆို့ခြင်းများကို စက်ယန္တရားကြီးများအသုံးပြုဆောင်ရွက်လျက်ရှိမှု၊ ရေဘေးသင့်သူများအား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးမှု၊ သောက်ရေသန့်၊ ဆန်ရိက္ခာ၊ ခေါက် ဆွဲခြောက်၊ အသက်ကယ်အင်္ကျီနှင့် လိုအပ်သည့် ကယ်ဆယ်ရေးပစ္စည်းများကြိုတင်ပြင်ဆင်ထားရှိရန်တို့ကိုလည်း ပြောကြားခဲ့သည်။
ထို့ပြင် သဘာဝဘေးအန္တရာယ်ကြုံတွေ့ရချိန်တွင် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပြည်သူများ ပူးပေါင်းဆောင်ရွက်မှသာ ထိခိုက်ဆုံးရှုံးမှုများ လျော့နည်းနိုင်မည်ဖြစ်၍ ကူညီကယ်ဆယ်ရေးနှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်ရန်လည်း မှာကြားခဲ့သည်။
