ရန်ကုန်၊ ဇူလိုင် ၃၁
ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဦးစီးကျင်းပသည့် AI နည်းပညာဆိုင်ရာ Panel Discussion ကို “Digital First, Digital Trust to AI Smart” ခေါင်းစဉ်ဖြင့် ဇူလိုင် ၃၁ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ရှိ MICT Park ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါဆွေးနွေးပွဲတွင် ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းဇေယျာလှိုင်က Video Message မှတစ်ဆင့် အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ယနေ့ခေတ်သည် နည်းပညာသမိုင်းတွင် အပြောင်းအလဲအရှိန်အဟုန် အမြင့်ဆုံးကာလတစ်ခုဖြစ်ကြောင်း၊ Generative AI၊ Agentic AI၊ Cloud Infrastructure၊ Data Center နှင့် Semiconductor နည်းပညာများ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာမှုကြောင့် ဒစ်ဂျစ်တယ်စနစ်ပြောင်းလဲမှုများ ပိုမိုမြန်ဆန်လာကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် “Digital First, Digital Trust to AI Smart” သည် လက်ရှိနှင့် အနာဂတ် ဒီဂျစ်တယ်အသွင်ကူးပြောင်းရေးနှင့် AI နည်းပညာဖွံ့ဖြိုးတိုးတက်မှုအတွက် လမ်းညွှန်မြေပုံတစ်ရပ်ဖြစ်ကြောင်းလည်း ၎င်းက အလေးထားပြောကြားခဲ့သည်။
အခမ်းအနားတွင် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဦးက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီး Panel Discussion ကို စီမံကိန်းဒါရိုက်တာ ဒေါက်တာတင်ဖုန်းကျော်က Moderator အဖြစ် ဆောင်ရွက်ကာ AI နည်းပညာဖွံ့ဖြိုးတိုးတက်ရေး၊ ဒီဂျစ်တယ်ယုံကြည်မှု (Digital Trust) တည်ဆောက်ရေးနှင့် AI Smart အနာဂတ်ဆိုင်ရာ အမြင်များကို ဆွေးနွေးဖလှယ်ခဲ့ကြကြောင်း သိရသည်။
