နေပြည်တော်၊ ဇူလိုင် ၃၁
ပြည်တွင်းစားသုံးဆီဖူလုံရေး ရရှိစေရန် ဆီထွက်သီးနှံဖြစ်သည့် မြေပဲ၊ နှမ်းနှင့် နေကြာတို့ကို အခြေခံသည့် ဆီထွက်သီးနှံ အထူးဇုန် (၁၂) ခု သတ်မှတ်၍ တစ်ဧကအထွက်နှုန်း မြှင့်တင်ရေးနှင့် ပန်းတိုင်အထွက်နှုန်း ပြည့်မီရေးကို အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က အစိုးရရက် (၁၀၀) ပြည့် နိုင်ငံတော်အခြေပြ မိန့်ခွန်းတွင် ပြောကြားသည်။
နိုင်ငံတွင် မတူညီသည့် ရာသီဥတုနှင့် ဒေသအလိုက် ဆီထွက်သီးနှံများကို တစ်နှစ်ပတ်လုံး စနစ်တကျ စိုက်ပျိုးထုတ်လုပ်နိုင်သည့် အလားအလာရှိကြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာနှင့် ပဲပုပ်တို့သည် သီးထပ်သီးညှပ် စိုက်ပျိုးနိုင်သည့် ကာလတိုသီးနှံများဖြစ်သဖြင့် ပြည်တွင်းဆီထွက်သီးနှံ ထုတ်လုပ်မှု တိုးမြှင့်ရန် အခွင့်အလမ်းကောင်းများ ရှိကြောင်းလည်း ထည့်သွင်းပြောကြားသည်။
ထို့ပြင် နှမ်း၏ ပန်းတိုင်တစ်ဧကအထွက်နှုန်းကို တင်း ၂၀ သတ်မှတ်ထားသော်လည်း လက်ရှိပျမ်းမျှအထွက်နှုန်းမှာ ၉ ဒသမ ၆ တင်း သာရှိသဖြင့် ပန်းတိုင်၏ ထက်ဝက်ခန့်သာ ရရှိနေကြောင်း၊ ပန်းတိုင်အထွက်နှုန်း ပြည့်မီပါက ထုတ်လုပ်မှုကုန်ကျစရိတ် လျော့နည်းလာမည်ဖြစ်ကြောင်း ပြောကြားသည်။
နိုင်ငံတော်သမ္မတက စားသုံးသူများအနေဖြင့် ပြည်ပမှတင်သွင်းသည့် စားအုန်းဆီအစား ပြည်တွင်းထုတ် မြေပဲဆီ၊ နှမ်းဆီ၊ နေကြာဆီနှင့် ပဲပုပ်ဆီတို့ကို ပိုမိုအသုံးပြုရန် တိုက်တွန်းခဲ့ပြီး၊ ကျန်းမာရေးနှင့်ညီညွတ်သည့် ဆီစားသုံးမှုပမာဏမှာ လူတစ်ဦးလျှင် တစ်နှစ် ၅ ပိဿာမှ ၆ ပိဿာ အတွင်းသာ ဖြစ်သင့်ကြောင်း၊ လက်ရှိတွင် ပျမ်းမျှ ၈ ပိဿာကျော် စားသုံးနေသဖြင့် လိုအပ်သည်ထက် ပိုမိုသုံးစွဲနေကြောင်းလည်း ထောက်ပြပြောကြားသည်။
ထို့အပြင် နိုင်ငံအတွင်း ဆီထွက်သီးနှံ စိုက်ဧက ၈ ဒသမ ၇ သန်းကျော် စိုက်ပျိုးနိုင်ပါက စားသုံးဆီ တန်ချိန် ၈ ဒသမ ၆ သိန်းခန့် ထုတ်လုပ်နိုင်ပြီး ပြည်တွင်းလိုအပ်ချက်ကို လုံလောက်စွာ ဖြည့်ဆည်းနိုင်ကြောင်း၊ လက်ရှိတွင် မြေပဲနှင့် နှမ်းကဲ့သို့ ဆီထွက်သီးနှံကုန်ကြမ်းများကို ပြည်ပတင်ပို့နေသော်လည်း ပြည်တွင်းကြိတ်ခွဲထုတ်လုပ်မှု မလုံလောက်သဖြင့် ၂၀၂၄ ခုနှစ်တွင် စားအုန်းဆီ ၅ ဒသမ ၅ သိန်းတန် နှင့် ၂၀၂၅ ခုနှစ်တွင် ၆ ဒသမ ၄ သိန်းတန် တင်သွင်းခဲ့ရကြောင်း ပြောကြားသည်။
ထို့ကြောင့် ပြည်တွင်းထွက် ဆီထွက်သီးနှံကုန်ကြမ်းများကို ပြည်တွင်း၌ပင် ကြိတ်ခွဲထုတ်လုပ်နိုင်ရေး၊ စားသုံးဆီဖူလုံရေး ရရှိစေရေးနှင့် တန်ဖိုးမြင့်ကုန်ချောအဖြစ် ပြည်ပသို့ တင်ပို့နိုင်ရေးအတွက် နိုင်ငံတွင်ရှိပြီးသား အရင်းအမြစ်များကို စနစ်တကျ၊ အလေအလွင့်နည်းပါးစွာ အသုံးချ၍ အထူးအလေးထား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။
