နေပြည်တော်၊ ဇူလိုင် ၃၀
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွေ့ကျိုးပြည်နယ်၊ ကွေ့ရမ်မြို့၌ ကျင်းပသည့် ၂၀၂၆ ခုနှစ် တရုတ်-အာဆီယံ ပညာရေးပူးပေါင်းဆောင်ရွက်ရေး ရက်သတ္တပတ် အခမ်းအနားသို့ တက်ရောက်နေသည့် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် တရုတ်ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Ren Youqun နှင့် တွေ့ဆုံကာ နှစ်နိုင်ငံ ပညာရေးနှင့် နည်းပညာပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေးကို ဆွေးနွေးခဲ့သည်။
ဆွေးနွေးပွဲတွင် အဆင့်မြင့်ပညာရေးနှင့် ဒီဂျစ်တယ်နည်းပညာအခြေပြု သင်ကြားရေး၊ ဆရာအတတ်ပညာ ဖွံ့ဖြိုးတိုးတက်ရေး၊ ဘာသာရပ်အသီးသီးအတွက် ပညာတော်သင်ဆုများ တိုးမြှင့်ပေးအပ်ရေး၊ မြန်မာနှင့် တရုတ်တက္ကသိုလ်များအကြား ညီအစ်မတက္ကသိုလ်များ ထူထောင်ရေးနှင့် မြန်မာ-တရုတ် AI နှင့် ဒီဂျစ်တယ်ပညာရေးစင်တာ တည်ထောင်နိုင်ရေးတို့ကို အဓိကထား ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် Guizhou Minzu University သို့ သွားရောက်ကာ ဆရာအတတ်ပညာနှင့် ဘာသာစကားသင်ကြားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ဆွေးနွေးခဲ့ပြီး Guizhou University တွင် သတင်းအချက်အလက်နည်းပညာ၊ ဉာဏ်ရည်တု (AI)၊ Big Data နှင့် AI+ နယ်ပယ်များ၌ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို ဆွေးနွေးကာ Smart Classroom များကို လေ့လာကြည့်ရှုခဲ့သည်။
ယင်းနောက် ကွေ့ကျိုးပြည်နယ် CPC အမြဲတမ်းကော်မတီဝင် Lu Yongzheng နှင့် တွေ့ဆုံ၍ မြန်မာကျောင်းသားများအတွက် ပညာတော်သင်ဆုများ တိုးမြှင့်ပေးအပ်ရေး၊ စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာ အခြေခံပညာကျောင်းများအတွက် နည်းပညာအကူအညီများ ပိုမိုရရှိရေးတို့ကို ဆွေးနွေးခဲ့ကြပြီး ကွေ့ကျိုးပြည်နယ်ပါတီကော်မတီက တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုညစာစားပွဲသို့လည်း တက်ရောက်ခဲ့ကြောင်း သိရသည်။
