ရန်ကုန်၊ ဇူလိုင် ၃၀
ကျောင်းပြင်ပရောက် ကျောင်းသား၊ ကျောင်းသူများ ပညာရေးဆက်လက်သင်ယူနိုင်စေရန် ရည်ရွယ်၍ ကျောင်းပြင်ပမူလတန်းပညာရေး (NFPE) နှင့် ကျောင်းပြင်ပအလယ်တန်းပညာရေး (NFME) အစီအစဉ်များအတွက် အတန်းနေရာချထားစစ်ဆေးမှု (Placement Test) ကို လာမည့် ဩဂုတ် ၉ ရက် တွင် ကျင်းပမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားသည်။
အဆိုပါ Placement Test သည် အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပြင်ပရောက်ရှိနေသည့် သက်လွန်ကျောင်းသား၊ ကျောင်းသူများ ပညာရေးလမ်းကြောင်းသို့ ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် အထူးအစီအစဉ်အဖြစ် ကျင်းပခြင်းဖြစ်သည်။
လျှောက်ထားသူများအနေဖြင့် NFPE အစီအစဉ်အတွက် အသက် ၁၀ နှစ်မှ ၁၆ နှစ်အတွင်း နှင့် NFME အစီအစဉ်အတွက် အသက် ၁၃ နှစ်မှ ၂၁ နှစ်အတွင်း ရှိရမည်ဖြစ်ပြီး သတ်မှတ်ထားသည့် မူဝါဒများနှင့်အညီ စိစစ်၍ ဖြေဆိုခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။
ဖြေဆိုလိုသူများသည် ပညာရေးဆိုင်ရာ ထောက်ခံချက်များ သို့မဟုတ် အရေးပေါ်အခြေအနေ ကြေညာထားသည့် မြို့နယ်များမှ အမှန်တကယ် ပြောင်းရွှေ့နေထိုင်သူဖြစ်ကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်မူရင်း၊ အသက်အထောက်အထားတို့နှင့်အတူ သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူးရုံးများတွင် စာရင်းပေးသွင်း လျှောက်ထားရမည်ဖြစ်သည်။
အတန်းနေရာချထားစစ်ဆေးမှုကို သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူးများ သတ်မှတ်ပေးသည့် စာစစ်ဌာနများတွင် ဩဂုတ် ၉ ရက်၌ ကျင်းပသွားမည်ဖြစ်ပြီး အသေးစိတ်အချက်အလက်များကို သက်ဆိုင်ရာ မြို့နယ်နှင့် ခရိုင်ပညာရေးမှူးရုံးများတွင် ဆက်သွယ်မေးမြန်းနိုင်ကြောင်း ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
