နေပြည်တော်၊ ဇူလိုင် ၂၈
ကယားပြည်နယ်အတွင်း ၅ နှစ်ကျော် မှတ်ပုံတင်သက်တမ်းလွန်နေသည့် မော်တော်ယာဉ်များနှင့် မော်တော်ဆိုင်ကယ်များကို သတ်မှတ်အထောက်အထားများ တင်ပြလာပါက ပြည်သူများ အဆင်ပြေစေရေးနှင့် နစ်နာမှုမရှိစေရေးအတွက် ပြန်လည်မှတ်ပုံတင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထွန်းလူက ပြောကြားခဲ့သည်။
တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၃၀) ရက်မြောက်နေ့တွင် ဒီးမော့ဆိုမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မော်မော်ခိုင် (ဦးမောင်ရွှေ – လွိုင်ကော်မဲဆန္ဒနယ် အစား) ၏ ကယားပြည်နယ်အတွင်းရှိ ၅ နှစ်ကျော် သက်တမ်းလွန် မော်တော်ယာဉ်များနှင့် မော်တော်ဆိုင်ကယ်များ၏ လိုင်စင်သက်တမ်း ပြန်လည်တိုးမြှင့်ပေးရေးနှင့်ပတ်သက်သည့် မေးခွန်းကို ဖြေကြားစဉ် ဒုတိယဝန်ကြီးက ယင်းသို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ဒုတိယဝန်ကြီး၏ ပြောကြားချက်အရ ကယားပြည်နယ်တွင် မှတ်ပုံတင်ထားသည့် မော်တော်ယာဉ် ၂,၇၅၅ စီးနှင့် မော်တော်ဆိုင်ကယ် ၂၉,၆၆၅ စီးရှိပြီး စုစုပေါင်း ၃၂,၄၂၀ စီးအနက် ၅ နှစ်ကျော် သက်တမ်းလွန်နေသည့် ယာဉ်များကို သက်ဆိုင်ရာအထောက်အထားများနှင့်အညီ စိစစ်ပြီး ပြန်လည်မှတ်ပုံတင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ပို့ဆောင်ရေးဝန်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေ (၂၀၂၀) အရ မော်တော်ယာဉ် မှတ်ပုံတင်သက်တမ်းကုန်ဆုံးပြီးနောက် သက်တမ်းတိုးမှတ်ပုံတင်ခြင်းကို တစ်ဆက်တစ်စပ်တည်း ငါးနှစ်အထိ ပျက်ကွက်ပါက ယာဉ်မှတ်ပုံတင်ကို ဖျက်သိမ်းရမည်ဟု ပြဋ္ဌာန်းထားကြောင်းလည်း ရှင်းလင်းပြောကြားခဲ့သည်။
သို့သော် နယ်မြေဒေသအခြေအနေများနှင့် လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကြောင့် သက်တမ်းလွန်နေသည့် ယာဉ်များကို ပြန်လည်လျှောက်ထားလိုသူများအနေဖြင့် တိုက်ပွဲရှောင်နေထိုင်ခဲ့သည့် ဒေသရှိ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်ချုပ်ရေးမှူး၏ ခိုင်လုံသောထောက်ခံချက်၊ မော်တော်ယာဉ် သို့မဟုတ် မော်တော်ဆိုင်ကယ် မှတ်ပုံတင်စာအုပ်နှင့် မှတ်ပုံတင်သက်သေခံလက်မှတ်တို့ကို တင်ပြရမည်ဖြစ်ကြောင်း၊ ထိုအထောက်အထားများကို အခြေခံ၍ ယာဉ်နှင့် ယာဉ်မှတ်တမ်းများ မှန်ကန်မှုရှိ၊ မရှိ စိစစ်ပြီး ပြန်လည်မှတ်ပုံတင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဒုတိယဝန်ကြီးက ပြောကြားခဲ့သည်။
ကယားပြည်နယ်သည် မြို့နယ် ၇ မြို့နယ်ဖြင့် ဖွဲ့စည်းထားပြီး လူဦးရေ ၃၀၀,၀၀၀ ခန့် နေထိုင်သည့် ပြည်နယ်ငယ်တစ်ခုဖြစ်ကြောင်းလည်း သိရသည်။
