နေပြည်တော်၊ ဇူလိုင် ၂၄
၂၀၂၄ ခုနှစ် စက်တင်ဘာလအတွင်း ရာဂီမုန်တိုင်းကြောင့် ပျ-က်စီးဆုံးရှုံးခဲ့သည့် အထက်ပေါင်းလောင်း ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ၏ ပြန်လည်ပြုပြင်ရေးလုပ်ငန်းများ ရာခိုင်နှုန်းပြည့် ပြီးစီးသွားပြီဖြစ်၍ လက်ရှိတွင် စက်စွမ်းအားပြည့် လျှပ်စစ်ဓာတ်အား ပြန်လည်ထုတ်လုပ်နေပြီဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ပြည်ထောင်စုနယ်မြေ ပျဉ်းမနားမြို့၏ အရှေ့ဘက် ၂၆ မိုင်ခန့်အကွာ ပေါင်းလောင်းမြစ်ပေါ်တွင် တည်ရှိသည့် အဆိုပါ စက်ရုံသည် တပ်ဆင်စက်အင်အား ၁၄၀ မဂ္ဂါဝပ်ရှိပြီး နှစ်စဉ် လျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီ ၄၅၄ သန်းကို မဟာဓာတ်အားလိုင်းမှတစ်ဆင့် တစ်နိုင်ငံလုံးသို့ ဖြန့်ဖြူးပေးနေသည့် အဓိက စက်ရုံတစ်ရုံ ဖြစ်သည်။
ရာဂီမုန်တိုင်းတိုက်ခတ်စဉ်က ရေလှောင်ကန်အတွင်း ရေဝင်ရောက်မှု များပြားခြင်း၊ ရေပိုလွှဲမှ ရေကျော်ကျခြင်း၊ သစ်လုံး၊ သဲနုန်းနှင့် ရွှံ့နွံများ စက်ရုံအတွင်း မျောပါဝင်ရောက်ခဲ့ခြင်းအပြင် မြစ်ကမ်းပါးများ ရေတို-က်စားခံရမှုကြောင့် စက်ရုံအဝင်လမ်းနှင့် ဝန်ထမ်းအိမ်ရာလမ်းများ ပျက်စီးခဲ့ရသည်။
အဆိုပါသဘာဝဘေးကြောင့် မြို့ပြတည်ဆောက်ရေး လုပ်ငန်းများအတွက် ကျပ် ဘီလီယံ ၂၀ ကျော်ခန့် ဆုံးရှုံးခဲ့ရသည့်အပြင် နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မှုလည်း ကာလတစ်ခုအထိ လျော့ကျခဲ့ရသည်။
ယင်းနောက် စက်ရုံအတွင်းရှိ သဲနုန်းများ ဖယ်ရှားခြင်း၊ မြစ်ကြောင်းရှင်းလင်းခြင်း၊ ကမ်းပါးထိန်းသိမ်းရေးနှင့် ကျောက်ဖြည့်သံခြင်းများချ၍ မြေ/ရေကာနံရံ တည်ဆောက်ခြင်းတို့ကို စက်ယန္တရားများ၊ လူအင်အားများဖြင့် နေ့ရောညပါ ကြိုးပမ်း ဆောင်ရွက်ခဲ့ကြရာ ပြန်လည်ပြုပြင်ရေး လုပ်ငန်းများကို ၂၀၂၆ ခုနှစ် မတ်လအတွင်း အပြီးသတ်နိုင်ခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် လျှပ်စစ်ဓာတ်အား ပုံမှန်ထုတ်လုပ်ပေးနေသည့်အပြင် အထက်ပေါင်းလောင်း ရေလှောင်တမံအတွင်း သဲနုန်းများ ဆက်လက်ဖယ်ရှားခြင်း၊ သဲနုန်းထပ်မံ မဝင်ရောက်စေရန် ကာကွယ်ခြင်းနှင့် သဘာဝဘေး ကြိုတင်ကာကွယ်ရေး အစီအမံများကိုလည်း ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
