ဇူလိုင် ၂၁ ရက်ကကျင်းပသည့် တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး(နဝမနေ့)တွင် နိုင်ငံတော်သမ္မတထံမှပေးပို့ထားသော ကမ္ဘာ့ဉာဏ်ရည်တုနည်းပညာဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (WAICO)ဖွဲ့စည်းတည်ထောင်ခြင်းသဘောတူညီချက်တွင် မြန်မာနိုင်ငံကပါဝင်လက်မှတ်ရေးထိုးနိုင်ရေး အဆိုကို အတည်ပြုခဲ့ကြောင်း သိရသည်။
နိုင်ငံတော်သမ္မတထံမှပေးပို့သည့် အဆိုကို လွှတ်တော်ကိုယ်စားလှယ်(၁၂)ဦးတို့က ထောက်ခံဆွေးနွေးခဲ့ကြပြီး ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးသက်ဝင်းအောင်က WAICO ဖွဲ့စည်းတည်ထောင်ခြင်းသဘောတူညီချက်ကို တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့တွင် ဇူလိုင် ၁၇ ရက်မှ ၂ဝ ရက်အထိကျင်းပခဲ့သည့် ၂၀၂၆ ခုနှစ်၊ ကမ္ဘာလုံးဆိုင်ရာ ဉာဏ်ရည်တုနည်းပညာဆွေးနွေးပွဲနှင့် ကမ္ဘာတစ်ဝန်းဉာဏ်ရည်တုအုပ်ချုပ်မှုဆိုင်ရာ အဆင့်မြင့်အစည်း အဝေးတွင် မြန်မာနိုင်ငံကိုယ်စား ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအပါအဝင် ကမ္ဘာ့နိုင်ငံပေါင်း(၂၉)နိုင်ငံမှ ဝန်ကြီးအဆင့်ကိုယ်စားလှယ်တော်ကြီးများတက်ရောက်၍ လက်မှတ်ရေးထိုးခဲ့ကြသည်ဟုပြောကြားခဲ့ကြောင်း သိရသည်။
ယင်း သဘောတူညီချက်တွင်ပါဝင်လက်မှတ်ရေးထိုးခွင့်ရရှိခြင်းဖြင့် မြန်မာနိုင်ငံ၏ AI နည်းပညာခရီးလမ်းကို အတိုင်းအတာတစ်ခုအထိအထောက်အကူပြုအ ကျိုးဖြစ်ထွန်းစေမည့်အပြင် မြန်မာနိုင်ငံ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရန် တစ်ဖက်တစ်လမ်းကထောက်ကူအားဖြည့်ပေးသွားနိုင်မည်ဖြစ်ကာ AI နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတကာပညာရှင်များ၏ အကူအညီများရရှိနိုင်ပြီး လူသားအရင်းအမြစ်မွေးထုတ်ရေးတွင်လည်း များစွာအထောက်အကူဖြစ်စေမည်ဟုပြောကြားခဲ့ကြောင်း သိရသည်။
ထို့ပြင် AI နည်းပညာကို လွဲမှားစွာအသုံးပြုမှု၊ ဘေးထွက်ဆိုးကျိုးများနှင့် နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများကို နိုင်ငံတကာနှင့် ဟန်ချက်ညီညီပူးပေါင်းကာကွယ်တားဆီးတို-က်ဖျ-က်နိုင်မည်ဖြစ်၍ သဘောတူညီချက်တွင်ပါဝင်လက်မှတ်ရေးထိုးပြီး နိုင်ငံတကာနှင့် ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းဆောင်ရွက်ခြင်းသည် မဖြစ်မနေဆောင်ရွက်ရမည့်အရေးကိစ္စဖြစ်သည်ဟုပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယကက အဆိုနှင့်ပတ်သက်၍ လွှတ်တော်၏အဆုံးအဖြတ်ရယူရာ လွှတ်တော်ကအတည်ပြုသဖြင့် အဆိုအား သဘောတူအတည်ပြုသည်ဟုကြေညာခဲ့ကြောင်း သိရသည်။
