နေပြည်တော်၊ဇူလိုင်-၁၈
မြန်မာနိုင်ငံ၏ ပင်လယ်ကမ်းရိုးတန်းနှင့် အဏ္ဏဝါသယံဇာတများကို သားစဉ်မြေးဆက် ရေရှည်ထိန်းသိမ်း အသုံးပြုနိုင်ရန်အတွက် တရားမဝင် ငါးဖမ်းဆီးမှု လျော့နည်းစေရေး ဘက်စုံစီမံချက်များဖြင့် အရှိန်မြှင့်မည်ဟု ဒုတိယသမ္မတ ဦးညိုစောက ပြောကြားလိုက်သည်။
ထိုသို့ဆောင်ရွက်ရာ၌ အဝေးထိန်းစနစ် (VMS) အသုံးပြုခြင်း၊ မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့ကို ထိရောက်စွာ အသုံးချခြင်းနှင့် ရေထုညစ်ညမ်းမှုဆိုင်ရာ ဥပဒေရေးဆွဲခြင်းတို့ကို အရှိန်မြှင့် ဆောင်ရွက်မည်ဟုလည်း နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်းသယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှုဗဟိုကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးညိုစောက ပြောကြားခြင်း ဖြစ်သည်။
ယမန်နေ့ (ဇူလိုင် ၁၇ ရက်) နေပြည်တော်ရှိ သစ်တောဦးစီးဌာန အင်ကြင်းခန်းမ၌ ကျင်းပသည့် ဗဟိုကော်မတီ၏ ပထမအကြိမ် အစည်းအဝေးတွင် ဒုတိယသမ္မတက ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
ဒုတိယသမ္မတ ဦးညိုစောက ပင်လယ်ကမ်းရိုးတန်းသယံဇာတများသည် နိုင်ငံ၏ စားနပ်ရိက္ခာဖူလုံရေးနှင့် စီးပွားရေးဖွံ့ဖြိုးတက်ရေးအတွက် အလွန်အရေးပါသဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးတို့ကို ဟန်ချက်ညီညီ စီမံခန့်ခွဲရမည်ဖြစ်ကြောင်း အလေးအနက် ပြောဆိုသည်။
လက်ရှိတွင် ကမ်းရိုးတန်းစီမံခန့်ခွဲမှု အပိုင်း၌ ငါးမဖမ်းရရာသီနှင့် ဧရိယာများ သတ်မှတ်ခြင်း၊ ကမ်းရိုးတန်းဒေသ ပလတ်စတစ်နှင့် စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုများအပြင် ဒီရေတောများ တိုးချဲ့ထိန်းသိမ်းခြင်းလုပ်ငန်းများတွင် တိုးတက်မှုများ ရရှိနေပြီဖြစ်ကြောင်း သိရသည်။
ကမ်းရိုးတန်းဒေသများ၏ သဘာဝပတ်ဝန်းကျင်၊ စီးပွားရေးနှင့် ပြည်သူများ၏ လူမှုဘဝ ဖွံ့ဖြိုးတက်မှုကို ထိရောက်စွာ ဖော်ဆောင်နိုင်ရန်အတွက် ၂၀၂၄ ခုနှစ်က အတည်ပြုခဲ့သည့် “မြန်မာနိုင်ငံ ပင်လယ်ကမ်းရိုးတန်းသယံဇာတ ဘက်စုံစီမံအုပ်ချုပ်ခြင်း (ICM)” ကို အခြေခံရန် လိုအပ်ကြောင်း ဒုတိယသမ္မတက လမ်းညွှန်ထားသည်။
ထို့ပြင် အစိမ်းရောင်စီးပွားရေး (Green Economy)၊ အပြာရောင်စီးပွားရေး (Blue Economy) နှင့် ပတ်လည်စီးပွားရေး (Circular Economy) အယူအဆများကို ပေါင်းစပ်ဖော်ဆောင်ရန် တိုက်တွန်းခဲ့သည်။
အဆိုပါ အဆင့်မြင့်အစည်းအဝေးသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဦး၊ ဒုတိယဝန်ကြီးများနှင့် ပင်လယ်ကမ်းရိုးတန်းဆိုင်ရာ ညွှန်ကြားရေးမှူးချုပ်များ တက်ရောက်ခဲ့ကြပြီး၊ ကမ်းရိုးတန်းဒေသအခြေစိုက် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များကလည်း အွန်လိုင်းစနစ် (Virtual) ဖြင့် တက်ရောက်ကာ ၎င်းတို့ဒေသအလိုက် အကောင်အထည်ဖော်နေသည့် လုပ်ငန်းစဉ်များကို အသီးသီး တင်ပြဆွေးနွေးခဲ့ကြကြောင်း သိရသည်။