နိုင်ငံခြားသားများကို ပြည်နှင်ခြင်းနှင့်ပတ်သက်သော နိုင်ငံ၏ ပထမဆုံး တရားဝင်စည်းမျဉ်းများကို ထိုင်းအစိုးရအဖွဲ့က အတည်ပြုခဲ့ပြီး လူဝင်မှုကြီးကြပ်ရေးနှင့် ရာဇဝတ်မှုဆိုင်ရာဥပဒေများကို ချိုးဖေ-ာက်သည့် နိုင်ငံခြားသားများကို နှင်ထုတ်မှု ကို အရှိန်မြှင့်တင် လုပ်ဆောင်မည့် မူဘောင်တစ်ခုကို စတင်လိုက်ပြီဖြစ်သည်။
ဒုတိယဝန်ကြီးချုပ် ပါခွန်း နီလ်ပရာပန့်က အဆိုပြုထားသော ပြည်နှင်ခြင်းဆိုင်ရာ ဝန်ကြီးချုပ်ရုံးစည်းမျဉ်းစည်းကမ်း ဥပဒေမူကြမ်းကို အစိုးရအဖွဲ့က ထောက်ခံခဲ့ကြောင်း အစိုးရပြောရေးဆိုခွင့်ရှိသူ ရာချာဒါ ဒန်နာဒီရက်ခ်က ပြောကြားခဲ့သည်။
အများပြည်သူ ငြိမ်ဝပ်ပိပြားရေးနှင့် အများပြည်သူဆိုင်ရာ ကျင့်ဝတ်များကို ကာကွယ်ရန် လိုအပ်သည်ဟု ယူဆပါက နိုင်ငံခြားသားများကို နှင်ထုတ်နိုင်သည့် ပြစ်မှုအမျိုးအစား ခြောက်မျိုးကို စည်းမျဉ်း စည်းကမ်းဥပဒေအသစ်တွင် သတ်မှတ်ပြဌာန်းထားသည်။
ထိုအမျိုးအစားများတွင် ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်ခြင်း သို့မဟုတ် တရားမဝင် နေထိုင်ခြင်း၊ နိုင်ငံခြားသားလုပ်သားများကို စီမံထိန်းကွပ်သည့် ဥပဒေကို ချိုးဖေ-ာက်၍ တရားမဝင် အလုပ်လုပ်ကိုင်ခြင်း၊ နိုင်ငံခြားစီးပွားရေးလုပ်ငန်း အက်ဥပဒေအရ တရားမဝင် စီးပွားရေးလုပ်ငန်းလုပ်ကိုင်ခြင်း၊ အစိုးရဆိုင်ရာ စာရွက်စာတမ်းများကို အတုလုပ်ခြင်း သို့မဟုတ် အတုလုပ်အသုံးပြုခြင်း၊ ထောင်ဒ-ဏ် ၃ နှစ် သို့မဟုတ် ထိုထက်ပိုသော ပြစ်ဒ-ဏ်ချမှတ်နိုင်သည့် ရာဇဝတ်မှုကျူးလွန်ခြင်းနှင့် အထက်ဖော်ပြပါ ပြစ်မှုများတွင် စီစဉ်သူ၊ လှုံ့ဆော်သူ သို့မဟုတ် ကြံရာပါအဖြစ် လုပ်ဆောင်ခြင်းတို့ ပါဝင်သည်။
ဇွန်လ ၁၆ ရက် နေ့တွင် အစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်အရ ယင်းစည်းမျဉ်းသည် ပြစ်မှုကျူးလွန်သူများ သို့မဟုတ် ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာသော နိုင်ငံခြားသားများကို နှင်ထုတ်ရာတွင် အရှိန်မြှင့်တင်ရန်အတွက် သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် ညှိနှိုင်း၍ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ဥပဒေများနှင့် လုပ်ထုံးလုပ်နည်းများကို ပြင်ဆင်ရန် မစ္စတာ ပါခွန်ကို တာဝန်ပေးအပ်ခြင်းဖြစ်သည်။
ထိုင်းနိုင်ငံတွင် ပြည်နှင်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ထိန်းချုပ်သည့် တစ်စုတစ်စည်းတည်းသော အုပ်ချုပ်ရေးဆိုင်ရာ စည်းမျဉ်းမရှိသောကြောင့် နှောင့်နှေးကြန့်ကြာမှုများဖြစ်စေကာ အမှုတစ်ခုချင်းစီအလိုက် ဌာနဆိုင်ရာများအကြား နီးကပ်စွာ ညှိနှိုင်းဆောင်ရွက်ရလေ့ရှိသည်။
ယခုစည်းမျဉ်းသစ်သည် ပြည်နှင်ခြင်းလုပ်ငန်းစဉ်၏ ထိရောက်မှုနှင့် မြန်ဆန်မှုကို မြှင့်တင်ရန် စံလုပ်ထုံးလုပ်နည်းများကို ချမှတ်ရန် ရည်ရွယ်သည်။
Ref: ဘန်ကောက်ပို့စ်
