ကမ္ဘာ့ဉာဏ်ရည်တုနည်းပညာဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (WAICO)အဖွဲ့ဝင်ဖြစ်ပါက နည်းပညာဈေးကွက်နှင့် Digital Economy ဖော်ဆောင်မှုတို့၌ ကမ္ဘာ့နိုင်ငံများနည်းတူအခွင့်အလမ်းများရယူနိုင်သည့် အကျိုးကျေးဇူးကောင်းများရရှိနိုင်မည်ဟု ဒီဂျစ်တယ်ဖွံ့ ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒု-ဝန်ကြီး ဦးမင်းဇေယျာလှိုင်က ရှင်းလင်းပြောဆိုသည်။
တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး(အဋ္ဌမနေ့)ဖြစ်သည့် ဇူလိုင် ၁၄ ရက်တွင် နိုင်ငံတော်သမ္မတထံမှပေးပို့ထားသော WAICO ဖွဲ့စည်းတည်ထောင်ခြင်းသဘောတူညီချက်တွင် မြန်မာနိုင်ငံက ပါဝင်လက်မှတ်ရေးထိုးနိုင်ရေးနှင့်ပတ်သက်၍ ရှင်းလင်းပြောဆိုခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံ၏ အမျိုးသားအကျိုးစီးပွားနှင့် အမျိုးသားလုံခြုံရေးကိုဦးစားပေး စံနှုန်းများအဖြစ်ထားရှိပြီး ပူးပေါင်းဆောင်ရွက်ပါက နိုင်ငံ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် အကျိုးရလဒ်ကောင်းများရရှိနိုင်မည်ဟု ရှင်းလင်းပြောဆိုခဲ့သည်။
ထို့ပြင် AI နည်းပညာဖွံ့ဖြိုးတိုးတက်မှုအကျိုးကျေးဇူးများကို နိုင်ငံတကာနှင့် တန်းတူမျှဝေခံစားနိုင်ခြင်း၊ နည်းပညာဈေးကွက်နှင့် Digital Economy ဖော်ဆောင်မှုတို့တွင် ကမ္ဘာ့နိုင်ငံများနှင့် တန်းတူပူးပေါင်းပါဝင်ခြင်းဖြင့် အခွင့်အလမ်းများရယူနိုင်ခြင်းအကျိုးကျေးဇူးကောင်းများလည်းရရှိနိုင်မည်ဟု ရှင်းလင်းပြောဆိုသည်။
ထို့အတူ WAICO အဖွဲ့သည် AI စွမ်းရည်တည်ဆောက်ရေးအတွက် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၊ AI ဖွံ့ဖြိုးရေး မဟာဗျူဟာများတိုးတက်ရေးတို့ကို လုပ်ဆောင်မည်ဖြစ်၍ မြန်မာနိုင်ငံ၏ AI နည်းပညာဖွံ့ ဖြိုးရေးအပေါ် များစွာအထောက်အကူဖြစ်စေ၍ ယင်း အဖွဲ့တွင်ပူးပေါင်းပါဝင်ဆောင်ရွက်သင့်သည်ဟု လွှတ် တော်သို့ရှင်းလင်းပြောဆိုခဲ့သည်။
ထိုသို့ ရှင်းလင်းတင်ပြမှုနှင့်ပတ်သက်၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက ပြည် ထောင်စုလွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်းတင်သွင်းနိုင်သည်ဟု ပြည်ထောင်စုလွှတ်တော်နာယက ကကြေညာခဲ့သည်။
