ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုမှုအန္တရာယ် သတိပြုရန် မိုးဇလထုတ်ပြန်
ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေအားကောင်းနေခြင်းနှင့် ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်း၌ ဖြစ်ပေါ်လာနိုင်သည့် လေဖိအားနည်းရပ်ဝန်း၏ အရှိန်ကြောင့် ဇူလိုင် ၁၅ ရက်မှ ၂၁ ရက်အထိ မြန်မာနိုင်ငံဒေသအများစုတွင် မိုးထစ်ချုန်းရွာသွန်းပြီး အချို့နေရာများ၌ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက မိုးကြီးမည့်သတိပေးချက် အမှတ်စဉ် (၁၆/၂၀၂၆) ဖြင့် ထုတ်ပြန်ထားသည်။
သတိပေးချက်အရ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ ဧရာဝတီ၊ တနင်္သာရီတိုင်းဒေသကြီးများ၊ စစ်ကိုင်းတိုင်းအထက်ပိုင်းနှင့် ကချင်၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်းပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာသွန်းကာ အချို့ဒေသများ၌ နေရာကွက်၍ မိုးကြီးနိုင်ကြောင်း ဖော်ပြထားသည်။
ထို့ပြင် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်များတွင် ရံဖန် ရံခါ မိုးသက်လေပြင်းကျရောက်ပြီး လှိုင်းကြီးနိုင်ကာ လေတိုက်နှုန်းမှာ တစ်နာရီလျှင် ၃၅ မိုင်အထိ ရှိနိုင်ကြောင်း၊ လှိုင်းအမြင့်မှာ ၉ ပေမှ ၁၂ ပေခန့်အထိ မြင့်တက်နိုင်ကြောင်းလည်း အသိပေးထားသည်။
မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လေပြင်းတို-က်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်းကဲ့သို့သော သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်သဖြင့် ကုန်းမြင့်ဒေသများ၊ မြစ်ငယ်နှင့် ချောင်းငယ်များအနီးတွင် နေထိုင်သူများ အထူးသတိပြုကြရန်၊ ပြည်တွင်းလေကြောင်းခရီးစဉ်များနှင့် ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိထားဆောင်ရွက်ကြရန် မိုးဇလဌာနက တိုက်တွန်းထားသည်။