နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က စိန်ပန်းပြာပျိုးပင်ကို ဦးဆောင်စိုက်ပျိုးပေးခဲ့
၂၀၂၆ ခုနှစ် မိုးရာသီ နိုင်ငံတော်အဆင့် သစ်ပင်စိုက်ပျိုးပွဲကို ယနေ့ ဇူလိုင် ၁၂ ရက်နံနက်ပိုင်းက မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ မေမြို့ထင်းကြိုးဝိုင်းရှိ အကွက် အမှတ်(၂)၌ ပြုလုပ်ရာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်ခဲ့ကြောင်း သိရသည်။
ထိုသို့ တက်ရောက်ပြီးနောက် နိုင်ငံတော်သမ္မတက သစ်ပင်စိုက်ပျိုးပွဲများကို ပြည်သူများကြား သစ်တောသစ်ပင်များ၏တန်ဖိုးကိုနားလည်မြတ်နိုးသည့်စိတ်ဓာတ်ဖြစ်ပေါ်လာပြီး သစ်တောပြုစုထိန်းသိမ်းရေးလုပ်ငန်းများတွင် ပြည်သူများတက်ကြွစွာပူးပေါင်းပါဝင်လာစေရေးအတွက် နိုင်ငံတော်ကဦးဆောင်၍ ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့်ပြုလုပ်ခြင်းဖြစ်သည်ဟုပြောကြားခဲ့ကြောင်း သိရသည်။
ထို့ပြင် သစ်တောသစ်ပင်များသည် လူသားများအပါအဝင် သက်ရှိအားလုံးရှင်သန်ရပ်တည်နိုင်ရေးအတွက် အရေးကြီးသည့်အခန်းကဏ္ဍမှပါဝင်နေသည်ဟုလည်းပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် နိုင်ငံတော်သမ္မတက စိန်ပန်းပြာပျိုးပင်အား သတ်မှတ်နေရာတွင်ဦးဆောင်စိုက်ပျိုးပေးခဲ့ပြီး တက်ရောက်လာကြသူများ၏ ပျိုးပင်များစိုက်ပျိုးနေမှုကိုကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ယနေ့ ပြုလုပ်သည့် ၂၀၂၆ ခုနှစ်၊ မိုးရာသီ နိုင်ငံတော်အဆင့်သစ်ပင်စိုက်ပျိုးပွဲတွင် ပန်းပွင့်သောသစ်မျိုးများ ဖြစ်သည့် ချယ်ရီ၊ ခရေ၊ စိန်ပန်းပြာ၊ စိန်ပန်းနီ၊ ရတနာတန်းဝင်သစ်မျိုးများဖြစ်သည့် ပျဉ်းကတိုး၊ မဟော်ဂနီနှင့် အမြဲစိမ်းသစ်မျိုးများဖြစ်သည့် ဆီသပြေ၊ ခါတော် မီစသည့် သစ်မျိုး(၈)မျိုး၏ ပျိုးပင်ပေါင်း(၃,၀၀၀)ပင် ကိုစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
