ချင်းပြည်နယ်၊ ဖလမ်းမြို့ရှိ ဆူရ်ဘုန်လေဆိပ် ပြန်လည်ဖွင့်လှစ်နိုင်ရေးနှင့် ဖလမ်းမြို့ စည်ပင်သာယာဈေး ပြန်လည်လည်ပတ်နေမှုတို့ကို ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်နှင့် တာဝန်ရှိသူများက ဇူလိုင် ၃ ရက်တွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
စစ်ဆေးမှုအတွင်း ဆူရ်ဘုန်လေဆိပ်၏ လေယာဉ်ပြေးလမ်းသည် ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၆,၀၀၀ အမြင့်တွင် တည်ရှိပြီး လေယာဉ်ပြေးလမ်းအရှည်မှာလည်း ပေ ၆,၀၀၀ ရှိကြောင်း သိရသည်။ အဆိုပါလေဆိပ်တွင် ၂၀၂၀ ခုနှစ် ဇွန် ၂၆ ရက်၌ Beech လေယာဉ်ဖြင့်လည်းကောင်း၊ အောက်တိုဘာ ၂၇ ရက်၌ ATR 72-600 လေယာဉ်ဖြင့်လည်းကောင်း အောင်မြင်စွာ စမ်းသပ်ဆင်းသက်နိုင်ခဲ့ကြောင်း သိရသည်။
လက်ရှိတွင် လေယာဉ်ပြေးလမ်းမျက်နှာပြင်မှာ အခြေအနေကောင်းမွန်နေသော်လည်း လေယာဉ်ပြေးလမ်းမီးများ၊ လေကြောင်းလုံခြုံရေး၊ လေကြောင်းဆက်သွယ်ရေးနှင့် လေကြောင်းလမ်းညွှန်ဆိုင်ရာ စက်ပစ္စည်းများမှာ ပျက်စီးနေပြီး လေဆိပ်အဆောက်အအုံ၊ လေကြောင်းထိန်းမျှော်စင်၊ မီးသတ်အဆောက်အအုံနှင့် DVOR အဆောက်အအုံတို့လည်း တစ်စိတ်တစ်ပိုင်း ထိခိုက်ပျက်စီးနေကြောင်း သိရသည်။
ဆူရ်ဘုန်လေဆိပ်ကို ပြန်လည်ဖွင့်လှစ်နိုင်ပါက ချင်းပြည်နယ်အတွင်း သယ်ယူပို့ဆောင်ရေး ပိုမိုအဆင်ပြေလာမည်ဖြစ်သည့်အပြင် ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများအတွက် လိုအပ်သည့် ပစ္စည်းများကို လျင်မြန်စွာ သယ်ယူပို့ဆောင်နိုင်မည်ဖြစ်ကြောင်း သိရသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဖလမ်းမြို့ စည်ပင်သာယာဈေးသို့ သွားရောက်၍ ဆိုင်ခန်းများ ဖွင့်လှစ်ရောင်းချနေမှုကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ဈေးပတ်ဝန်းကျင် သန့်ရှင်းသာယာရေးနှင့် စားသောက်ကုန်များ ကျန်းမာရေးနှင့်ညီညွတ်စေရေးတို့ကို အလေးထားဆောင်ရွက်ရန် မှာကြားခဲ့သည်။
ယင်းနောက် ဖလမ်းမြို့သို့ ပြန်လည်ဝင်ရောက်လာသူများ၏ စိစစ်လက်ခံရေးစခန်းသို့ သွားရောက်ကြည့်ရှုကာ လိုအပ်ချက်များကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
