လာအိုနိုင်ငံသမ္မတ၏ ဖိတ်ကြားချက်အရ ဇူလိုင် ၃ ရက်မှ စတင်၍ လာအိုနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီးတို့ ဦးဆောင်သော မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ ဇူလိုင် ၅ ရက် နေ့လည်ပိုင်းတွင် လွန်ပရာဘန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ အထူးလေယာဉ်ဖြင့် နေပြည်တော်သို့ ပြန်လည်ထွက်ခွာခဲ့သည်။
လွန်ပရာဘန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် လာအိုနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် ဇနီး၊ စစ်သံမှူးနှင့် ဇနီး၊ မြန်မာသံရုံးနှင့် စစ်သံရုံးမှ ဝန်ထမ်းများနှင့် မိသားစုဝင်များ၊ လာအိုနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဦးဆောင်သည့် အဆင့်မြင့်အရာရှိကြီးများ၊ လွန်ပရာဘန်ပြည်နယ်ပါတီကော်မတီ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများက လေဆိပ်တွင် ပို့ဆောင်နှုတ်ဆက်ခဲ့ကြသည်။
ထို့ပြင် လာအိုနိုင်ငံမှ ကျောင်းသားလူငယ်များကလည်း မြန်မာနှင့် လာအို နှစ်နိုင်ငံအလံများကို ဝှေ့ယမ်းကာ ချစ်ကြည်ရင်းနှီးစွာ နှုတ်ဆက်ပို့ဆောင်ခဲ့ကြကြောင်း သိရသည်။
