ရှေးဟောင်းဝတ္ထုပစ္စည်းများကို နိုင်ငံတော်ထံ လာရောက်အပ်နှံခဲ့သူများအား ဆုကြေးငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့က ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၌ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ်မှ ဦးသန်းဇော်က ကျောက်ခေတ်၊ ကြေးခေတ်၊ ပျူခေတ်၊ ပုဂံခေတ်နှင့် ကုန်းဘောင်ခေတ်လက်ရာ ရှေးဟောင်းဝတ္ထုပစ္စည်း ၃၁၃ ခု အပ်နှံခဲ့ခြင်းအတွက် စုစုပေါင်း ကျပ် ၂၀,၅၅၀,၆၁၇ ကို ဆုကြေးငွေအဖြစ် ပေးအပ်ခဲ့သည်။
ထို့အပြင် မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ်မှ ဦးဝင်းမင်းထွန်းက ကြေးခေတ်လက်ရာ ကြေးလက်နက် ၉၈ ခု အပ်နှံခဲ့ခြင်းအတွက် ကျပ် ၃,၁၁၈,၈၀၀၊ နေပြည်တော် ဇမ္ဗူသီရိမြို့နယ်မှ ဦးနိုင်လင်းက ခေတ်အဆက်ဆက်မှ ရှေးဟောင်းဝတ္ထုပစ္စည်း ၁၂၅ ခု အပ်နှံခဲ့ခြင်းအတွက် ကျပ် ၁,၇၃၆,၁၈၀ နှင့် ဂုဏ်ပြုမှတ်တမ်းလွှာ၊ နေပြည်တော် ပျဉ်းမနားမြို့မှ ဦးဝင်းကိုကိုက ကြေးခေတ်လက်ရာ ရှေးဟောင်းဝတ္ထုပစ္စည်း ၃၆ ခု အပ်နှံခဲ့ခြင်းအတွက် ကျပ် ၉၀၁,၆၀၀ နှင့် ဂုဏ်ပြုမှတ်တမ်းလွှာတို့ကို ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် အပ်နှံခဲ့သည့် ရှေးဟောင်းဝတ္ထုပစ္စည်း စုစုပေါင်း ၅၇၂ ခု အတွက် သတ်မှတ်စည်းမျဉ်းများနှင့်အညီ ဆုကြေးငွေများ ချီးမြှင့်ပေးအပ်ခဲ့ပြီး ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရာတွင် ပြည်သူများ၏ ပူးပေါင်းပါဝင်မှုကို ဂုဏ်ပြုခဲ့ကြောင်း သိရသည်။
