ထားဝယ်အထူးစီးပွားရေးဇုန် (SEZ) စီမံကိန်းကို ၂၀၁၄ ခုနှစ် မြန်မာအထူးစီးပွားရေးဇုန်ဥပဒေအရ ရင်းနှီးတည်ဆောက်သူနှင့်အတူ လိုအပ်သည့် လုပ်ငန်းစဉ်များ ဆက်လက်ဆောင်ရွက်လျက်ရှိပြီး စီမံကိန်းအား ပြန်လည်စတင်အကောင်အထည်ဖော်နိုင်ရေး ဆောင်ရွက်နေကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ပြောကြားသည်။
တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၁၂) ရက်မြောက်နေ့တွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်စိန်၏ မေးခွန်းကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမြင့်ခိုင်က ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
ဒုတိယဝန်ကြီးက ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်စီမံကိန်းသည် ထိုင်း-အိန္ဒိယသမုဒ္ဒရာ ကုန်သွယ်ရေးလမ်းကြောင်းအတွက် အရေးပါသည့် မဟာဗျူဟာစီမံကိန်းဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ်တွင် ယခင်ရင်းနှီးမြှုပ်နှံသူ ITD နှင့် စီမံကိန်းရပ်ဆိုင်းခဲ့ပြီးနောက် လက်ရှိတွင် စီမံကိန်းပြန်လည်အကောင်အထည်ဖော်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလက ကျင်းပသည့် ပဥ္စမအကြိမ် မြန်မာ-ရုရှား အစိုးရအချင်းချင်း ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးကော်မရှင်အစည်းအဝေးတွင် ထားဝယ်အထူးစီးပွားရေးဇုန်နှင့် အနီးဝန်းကျင်၌ ရင်းနှီးမြှုပ်နှံမှုပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ Memorandum of Intent (MOI) ကို နှစ်နိုင်ငံ လက်မှတ်ရေးထိုးခဲ့ကြောင်းလည်း ရှင်းလင်းပြောကြားခဲ့သည်။
လက်ရှိတွင် ထားဝယ်အထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းနယ်နိမိတ် (Port Limit) သတ်မှတ်နိုင်ရေးကို ပို့ဆောင်ရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိပြီး အပြီးသတ်အဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ဒုတိယဝန်ကြီးက လွှတ်တော်တွင် ဖြေကြားခဲ့ကြောင်း သိရသည်။
Credit – Myanma Port Authority
