ငလျင်ပြန်လည်ထူထောင်ရေးနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများအတွက် အကူအညီများ အရေးတကြီးလိုအပ်ဟု သမ္မတရုံးပြော
မြန်မာနိုင်ငံတွင် ဂျပန်နိုင်ငံ၏ တရားဝင်ဖွံ့ဖြိုးတိုးတက်ရေးအကူအညီ (Official Development Assistance-ODA) စီမံကိန်းများ ရပ်ဆိုင်းထားခြင်းကြောင့် ပြည်သူများအတွက် အခြေခံအဆောက်အအုံနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ထိခိုက်မှုရှိနေသဖြင့် ပြည်သူ့အကျိုးပြုစီမံကိန်းများအတွက် ODA အကူအညီများ ပြန်လည်ပေးအပ်ရန် တောင်းဆိုကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုးက ပြောကြားသည်။
ဇွန် ၃၀ ရက်တွင် နေပြည်တော်၌ ကျင်းပသည့် နိုင်ငံတော်သမ္မတရုံး သတင်းစာရှင်းလင်းပွဲတွင် မီဒီယာများ၏ မေးမြန်းချက်များကို ဖြေကြားရာ၌ ဒေါက်တာခိုင်ခိုင်စိုးက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ဒေါက်တာခိုင်ခိုင်စိုးက ဂျပန်နိုင်ငံသည် ယခင်က မြန်မာနိုင်ငံ၏ ပညာရေး၊ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူ့အကျိုးပြုကဏ္ဍများတွင် ODA အကူအညီများစွာ ပေးအပ်ခဲ့သဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအထောက်အကူပြုခဲ့ကြောင်း၊ သို့သော် လက်ရှိတွင် အဆိုပါအကူအညီများ ရပ်ဆိုင်းထားသည့်အတွက် ဆောင်ရွက်ဆဲစီမံကိန်းများ ရပ်တန့်သွားပြီး ပြည်သူများအပေါ် ထိခိုက်မှုများ ဖြစ်ပေါ်နေကြောင်း ပြောကြားသည်။
ထို့ပြင် ရထားလမ်းစီမံကိန်းများ ရပ်ဆိုင်းထားရခြင်းကြောင့် သယ်ယူပို့ဆောင်ရေးကဏ္ဍနှင့် ပြည်သူများ၏ နေ့စဉ်ဘဝအပေါ် အခက်အခဲများ ဖြစ်ပေါ်နေကြောင်းလည်း ၎င်းက ပြောသည်။
ဒေါက်တာခိုင်ခိုင်စိုးက “ဂျပန်အစိုးရအနေဖြင့် ယခင်က ပေးအပ်ခဲ့သည့် အကူအညီများအားလုံးအတွက် ကျေးဇူးတင်ရှိပါကြောင်း၊ မြန်မာနိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်သည့်အပြင် ၂၀၂၅ ခုနှစ် မန္တလေးငလျင်ကြီးကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အများအပြား ဆောင်ရွက်နေရသဖြင့် နိုင်ငံတကာအကူအညီများ အထူးလိုအပ်နေပါကြောင်း” ဟု ပြောကြားခဲ့သည်။
ထို့အပြင် “အကူအညီလိုအပ်နေသလား” ဟူသည့် မေးခွန်းနှင့်ပတ်သက်၍ “လိုအပ်ပါသည်။ အကူအညီများ ပြန်လည်ပေးအပ်ပေးပါဟု ယခုနေရာမှတစ်ဆင့် တောင်းဆိုလိုပါသည်” ဟုလည်း ဒေါက်တာခိုင်ခိုင်စိုးက ပြောကြားခဲ့သည်။
ဂျပန်အစိုးရသည် ၂၀၂၁ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံအတွက် ODA အကူအညီအသစ်များ ပေးအပ်ခြင်းကို ဆိုင်းငံ့ထားပြီး ယခင်ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းအချို့ကိုလည်း ရပ်နားခြင်းနှင့် ဆိုင်းငံ့ထားခြင်းများ ပြုလုပ်ထားကြောင်း သိရသည်။
