AI အပါအဝင် ခေတ်မီနည်းပညာများကို MSME ကဏ္ဍတွင် ကျယ်ကျယ်ပြန့်ပြန့် အသုံးချရန် အလေးပေး
အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း (MSME) ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အချိန်တိုအတွင်း ရလဒ်ကောင်းများ ဖော်ဆောင်ပေးနိုင်မည့် Quick Win လုပ်ငန်းများကို ဦးစားပေးအကောင်အထည်ဖော်ဆောင်ရွက်ရန်နှင့် AI အပါအဝင် ခေတ်မီနည်းပညာများကို MSME ကဏ္ဍတွင် ကျယ်ကျယ်ပြန့်ပြန့် အသုံးချသင့်ကြောင်း ဒုတိယသမ္မတ ဦးညိုစောက တိုက်တွန်းပြောကြားခဲ့သည်။
အဆိုပါပြောကြားချက်ကို ဇွန် ၂၈ ရက် နံနက်ပိုင်းက နေပြည်တော်ရှိ စက်မှုနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန၌ ကျင်းပသည့်အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (MSME) ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ (၁/၂၀၂၆) အစည်းအဝေးတွင် လုပ်ငန်းကော်မတီဥက္ကဋ္ဌအဖြစ် ပြောကြားခဲ့ခြင်းဖြစ်သည်။
ဒုတိယသမ္မတက နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်များနှင့်အညီ စိုက်ပျိုးရေးအခြေခံ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ ဝါ၊ ဝါး၊ ရော်ဘာနှင့် ကော်ဖီကဲ့သို့ ပြည်တွင်းကုန်ကြမ်းများကို အခြေခံ၍ တန်ဖိုးမြင့်ကုန်ချောများ ထုတ်လုပ်ရေးနှင့် နိုင်ငံတကာဈေးကွက်ဝင် အရည်အသွေးမြင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေးအတွက် ကုန်ကြမ်း၊ နည်းပညာ၊ အရင်းအနှီးနှင့် ကျွမ်းကျင်လုပ်သားများကို ဘက်စုံထည့်သွင်းစဉ်းစား ဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို ခေတ်မီစနစ်ဖြင့် တိုးချဲ့ဆောင်ရွက်ရေး၊ ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးရေးနှင့် ဆီစက်များ အဆင့်မြှင့်တင်ရေး၊ “ဒေသတစ်ခု၊ ထုတ်ကုန်တစ်ခု (One Region, One Product)”စီမံကိန်းကို ထိရောက်စွာ အကောင်အထည်ဖော်ရေး၊ သဘာဝသယံဇာတများကို စနစ်တကျ အသုံးချရေးနှင့် AI အပါအဝင် ခေတ်မီနည်းပညာများကို MSME ကဏ္ဍတွင် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုသင့်ကြောင်း အလေးပေးပြောကြားခဲ့သည်။
အစည်းအဝေးတွင် လုပ်ငန်းကော်မတီအတွင်းရေးမှူးနှင့် MSME အေဂျင်စီဥက္ကဋ္ဌတို့က ယခင်အစည်းအဝေးဆုံးဖြတ်ချက်များ အကောင်အထည်ဖော်ဆောင်ရွက်ထားရှိမှုနှင့် တင်ပြလာသည့် အမှာစာများကို ရှင်းလင်းတင်ပြခဲ့ကြပြီး၊ လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက နိုင်ငံတော်၏ မူဝါဒများနှင့်အညီ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို တင်ပြခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ဒုတိယဝန်ကြီးများနှင့် ပညာရှင်များက စိုက်ပျိုးရေးအခြေခံ ကုန်ထုတ်လုပ်မှုတိုးတက်ရေး၊ ပြည်တွင်းကုန်ကြမ်းအသုံးပြု MSME လုပ်ငန်းများ မြှင့်တင်ရေး၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် SME ဥပဒေအရ သတ်မှတ်ထားသည့် လုပ်ငန်းတာဝန်များ အကောင်အထည်ဖော်ဆောင်ရွက်နေမှုများကို ဆွေးနွေးတင်ပြခဲ့ကြသည်။
