လူမှုဝန်ထမ်းဦးစီးဌာနလက်အောက်ရှိ လူငယ်သင်တန်းကျောင်းများနှင့် မသန်စွမ်းကျောင်းများတွင် ပညာသင်ကြားနေသည့် ကျောင်းသား၊ ကျောင်းသူ (၁၁) ဦးသည် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို အောင်မြင်ခဲ့ကြကြောင်း မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
တက္ကသိုလ်ဝင်တန်း အောင်မြင်သူများတွင် ကြည့်မြင်တိုင် မျက်မမြင်ကျောင်းမှ အမြင်အာရုံမသန်စွမ်း ကျောင်းသား၊ ကျောင်းသူ ၂ ဦး၊ ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းမှ ၃ ဦး၊ အမျိုးသမီးကလေးများသင်တန်းကျောင်း (မန္တလေး) မှ ၁ ဦး၊ လပွတ္တာ လူငယ့်အားမာန်သင်တန်းကျောင်းမှ ၁ ဦးနှင့် မန္တလေးလူငယ်သင်တန်းကျောင်းမှ ၄ ဦးတို့ ပါဝင်ကြောင်း သိရသည်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က ပညာရေးတွင် ရင်းနှီးမြှုပ်နှံခြင်းသည် လူတစ်ဦးချင်းစီ၏ အနာဂတ်အတွက်သာမက နိုင်ငံ၏ ယှဉ်ပြိုင်နိုင်စွမ်းနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အရေးပါသည့် ရင်းနှီးမြှုပ်နှံမှုတစ်ရပ်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။
ထို့ပြင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအားလုံးကို ဂုဏ်ယူဝမ်းမြောက်ကြောင်းနှင့် အနာဂတ်ပညာရေးခရီးစဉ်များတွင် ဆက်လက်အောင်မြင်ကြစေရန် ဆုမွန်ကောင်းတောင်းအပ်ကြောင်းလည်း ကော်မရှင်က ဖော်ပြထားသည်။