အမေရိကန်အစိုးရသည် ကျူးဘားနိုင်ငံကို အဆက်မပြတ် စစ်ပွဲဆင်နွှဲလျက်ရှိပြီး နိုင်ငံ၏ ပြည်သူများအတွက် အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းနိုင်စွမ်း မရှိစေရန် ပိတ်ပင်တားဆီးနေသည်ဟု ကျူးဘားသမ္မတ မီဂူဒီယက်ဇ်-ကာနယ် (Miguel Diaz-Canel) က ပြောကြားခဲ့သည်။
“ကျူးဘားအပေါ် အမေရိကန်၏ ကျူးကျော်လုပ်ဆောင်မှုများသည် ဆက်လက်ဖြစ်ပေါ်နေပြီး ပိုမိုပြင်းထန်လာနေသည်။ အကြောင်းမှာ ကျွန်ုပ်တို့အား အနိုင်မယူနိုင်သည့်အတွက် ၎င်းတို့တွင် ဘာမျှမတတ်နိုင်တော့သောကြောင့် ဖြစ်သည်။ … အမေရိကန်အစိုးရသည် ယခုကဲ့သို့သော ရက်စက်ကြမ်းကြုတ်သည့် စစ်ပွဲအလယ်တွင် မည်သည့်နိုင်ငံမျှ ရပ်တည်နိုင်မည်မဟုတ်၊ လည်ပတ်နိုင်မည်မဟုတ်ဟု ယုံကြည်နေသည်” ဟု ၎င်းက X (ယခင် တွစ်တာ) တွင် ရေးသားခဲ့သည်။
ကျူးဘားခေါင်းဆောင်၏ အဆိုအရ ဝါရှင်တန်၏ လုပ်ရပ်များသည် ကျူးဘား၏ ဝင်ငွေရလမ်းများကို တိုက်ခိုက်ခြင်းဖြစ်ပြီး နိုင်ငံတော်၏ ငွေကြေးဆိုင်ရာ လမ်းကြောင်းများ၊ လောင်စာဆီ ထောက်ပံ့မှုများနှင့် နည်းပညာလွှဲပြောင်းရယူမှုများအား ပိတ်ပင်တားဆီးရန် ရည်ရွယ်လုပ်ဆောင်နေခြင်းဖြစ်သည်။
ဒီယက်ဇ်-ကာနယ်က စီးပွားရေးအရ ဖိအားပေးမှုများသည် “ထိရောက်ပြီး ပြင်းထန်သော သက်ရောက်မှု” ရှိနေသည်ကို ဝန်ခံခဲ့သော်လည်း ဝါရှင်တန်အနေဖြင့် ယခုကဲ့သို့သော အခြေအနေများအောက်တွင် [ကျူးဘားပြည်သူများ၏] ခုခံနိုင်စွမ်းနှင့် ဖန်တီးနိုင်စွမ်းကို မြင်တွေ့ရသည့်အခါ “အံ့အားသင့်မိသည်” ဟု အလေးပေး ပြောကြားခဲ့သည်။
