ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းလျက်ရှိသဖြင့် ရန်ကုန်တိုင်းဒေသကြီးအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အများစုတွင် မိုးထစ်ချုန်းရွာသွန်းနိုင်ပြီး ဒေသအချို့၌ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဇွန် ၂၅ ရက် မွန်းလွဲ ၂ နာရီတွင် ထုတ်ပြန်သည်။
ယမန်နေ့ နံနက် ၉ နာရီခွဲမှ ယနေ့ နံနက် ၉ နာရီခွဲအထိ ၂၄ နာရီအတွင်း မွန်ပြည်နယ်တွင် ဒေသအလိုက် မိုးကြီးခဲ့ပြီး နေပြည်တော်တွင်လည်း နေရာကွက်၍ မိုးကြီးခဲ့ကြောင်း သိရသည်။
မှတ်သားဖွယ် မိုးရေချိန်များအနေဖြင့် ကျိုက်မရောမြို့တွင် ၃ ဒသမ ၅၃ လက်မ၊ မုဒုံမြို့တွင် ၃ ဒသမ ၄၃ လက်မ၊ မော်လမြိုင်မြို့တွင် ၃ ဒသမ ၁၁ လက်မ၊ သိမ်ဇရပ်မြို့တွင် ၂ ဒသမ ၉၉ လက်မနှင့် မော်လိုက်မြို့တွင် ၂ ဒသမ ၉၅ လက်မအထိ ရွာသွန်းခဲ့သည်။
မနက်ဖြန် နံနက်အထိ ခန့်မှန်းချက်အရ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း ထုတ်ပြန်ထားသည်။
ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းလျက်ရှိပြီး ယင်းမိုးတိမ်တောင်များ ရွေ့လျားရာနေရာများတွင် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းတို့ ဖြစ်ပေါ်နိုင်သဖြင့် ပြည်သူများအနေဖြင့် ကြိုတင်သတိပြုကြရန် မိုးဇလဌာနက အကြံပြုထားသည်။
