တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဥ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဟန်ကျိုးမြို့ရှိ LEAPMOTOR ကုမ္ပဏီကို ယနေ့ ဇွန် ၁၉ ရက်နံနက်ပိုင်းတွင် ကြည့်ရှုလေ့လာခဲ့သည်။
လက်ရှိကမ္ဘာ့စီးပွားရေးဈေးကွက်တွင် လျှပ်စစ်ကား (EV) ထုတ်လုပ်သည့် ကုမ္ပဏီများသည် ကားထုတ်လုပ်ရုံတင်မကဘဲ ၎င်းတို့၏ အဆင့်မြင့်ဘက်ထရီနည်းပညာများကို အခြေခံကာ အိမ်သုံးစွမ်းအင်သိုလှောင်မှုစနစ် (Home Energy Storage) ကဏ္ဍထဲအထိ စီးပွားရေးနယ်ပယ် ချဲ့ထွင်လာကြသည်ကို တွေ့ရသည်။
အထူးသဖြင့် တရုတ်လျှပ်စစ်ကားကုမ္ပဏီတစ်ခုဖြစ်သည့် LEAPMOTOR က ပြသထားသည့် အိမ်သုံးအဆင့်မြင့် စမတ်စွမ်းအင်နှင့် ဘက်ထရီသိုလှောင်မှုစနစ်သည် နည်းပညာလောကတွင် စိတ်ဝင်စားစရာ ဖြစ်လာခဲ့သည်။
အဆိုပါစနစ်သည် နေရောင်ခြည်စွမ်းအင် (Solar)၊ အိမ်သုံးဘက်ထရီ၊ အစိုးရမီးလိုင်း (Grid) နှင့် အိမ်သုံးလျှပ်စစ်ပစ္စည်းများကို စမတ်ကျကျ အလိုအလျောက် ချိတ်ဆက်ထိန်းချုပ်ပေးသည့် စနစ်မျိုးဖြစ်သည်။
ယင်းစနစ်တွင် အဓိကအားဖြင့် အလယ်တွင်ရှိသော အဖြူရောင်သေတ္တာကြီးဖြစ်သည့် LEAPMOTOR ဘက်ထရီ ပါဝင်ပြီး ၎င်းသည် Solar မှရရှိသောမီး သို့မဟုတ် လိုင်းမီးလာချိန်တွင် အရန်မီးအဖြစ် သိုလှောင်ထားပေးမည့် အိမ်သုံးဧရာမ Powerbank ကြီးပင် ဖြစ်သည်။
၎င်း၏ဘေးတွင် တစ်အိမ်လုံး၏ မီးအားကို အလိုအလျောက် စီမံခန့်ခွဲပေးပြီး လျှပ်စစ်စီးကြောင်း ပြောင်းလဲပေးသည့် နှလုံးသားသဖွယ်ဖြစ်သော Inverter စက်အသေးလေး တပ်ဆင်ထားသည်။ ထို့အပြင် အစိုးရမီးလိုင်း (Grid)၊ မီးသုံးစွဲမှုတိုင်းတာသည့် မီတာ (Meter) နှင့် အိမ်တွင်းမီးလိုင်းများကို ဖြန့်ဝေပေးသည့် မိန်းဘုတ် (Distribution Box) တို့နှင့် စနစ်တကျ ချိတ်ဆက်ထားခြင်းဖြစ်သည်။
လျှပ်စစ်ဓာတ်အား ခွဲထုတ်သုံးစွဲပုံ ဝန်အား (၂) မျိုး
ထူးခြားချက်မှာ ဤစမတ်စနစ်သည် အိမ်တွင်းရှိ လျှပ်စစ်ပစ္စည်းများကို အမျိုးအစား (၂) မျိုး တိတိကျကျခွဲခြားပြီး မီးအားဖြန့်ဝေပေးခြင်း ဖြစ်သည်။
မီးလိုင်းချိတ်ဆက်ဝန်အား (Grid-connected Load)
တီဗီ၊ အဝတ်လျှော်စက် စသည့် ပစ္စည်းများဖြစ်ပြီး လိုင်းမီးရှိသည့်အချိန်တွင်သာ အဓိကအသုံးပြုမည့် ပစ္စည်းများဖြစ်သည်။
မီးလိုင်းပြင်ပဝန်အား (Off-grid Load)
ရေခဲသေတ္တာ၊ မီးအိမ် စသည့် မရှိမဖြစ် အရေးကြီးပစ္စည်းများဖြစ်ပြီး လိုင်းမီးပြတ်တောက်သွားပါက အပေါ်က LEAPMOTOR ဘက်ထရီထဲမှ သိုလှောင်ထားသော အရန်မီး (Backup Power) ဖြင့် မပြတ်တမ်း အလိုအလျောက် ဗို့အားမကျဘဲ ဆက်လက်အလုပ်လုပ်စေမည့် စနစ်ဖြစ်သည်။
ဖုန်းထဲကနေ အဝေးမှ စမတ်ကျကျ ထိန်းချုပ်နိုင်ခြင်း
နည်းပညာခေတ်ဖြစ်သည့်အတွက် စနစ်တစ်ခုလုံး၏ Data အချက်အလက်များကို Cloud (Smart Energy Platform) ပေါ်သို့ တိုက်ရိုက်ပေးပို့ပေးသည်။ ထို့ကြောင့် အိမ်ရှင်များအနေဖြင့် မိမိတို့၏ လက်ကိုင်ဖုန်း App သို့မဟုတ် ကွန်ပျူတာ (Web & APP) မှတစ်ဆင့် Solar မှ မီးဘယ်လောက်ထွက်နေလဲ၊ ဘက်ထရီထဲတွင် အရန်မီး ဘယ်လောက်ကျန်သေးလဲ၊ အိမ်ရှိ မည်သည့်ပစ္စည်းက မီးအား မည်မျှသုံးစွဲနေလဲဆိုသည်ကို နေရာမရွေး (Real-time) လှမ်းကြည့်နိုင်ပြီး လှမ်းပိတ်၊ လှမ်းထိန်းချုပ်နိုင်သည့် စမတ်ကျလှသော နည်းပညာမျိုး ဖြစ်သည်။
ဤကဲ့သို့သော EV ဘက်ထရီနည်းပညာအခြေခံ အိမ်သုံးစမတ်စွမ်းအင်စနစ်များသည် အစိုးရမီးလိုင်း ပုံမှန်မရဘဲ မီးခဏခဏပျက်တတ်သည့် မြန်မာနိုင်ငံလို ဒေသမျိုးအတွက် Solar စနစ်နှင့် ပေါင်းစပ်အသုံးပြုရန် အလွန်ကောင်းမွန်ပြီး အဆင်ပြေဆုံးဖြစ်လာနိုင်ကြောင်း သုံးသပ်ဖော်ပြလိုက်ရပါသည်။
