ပြည်ထောင်စုအတိုင်ပင်ခံကောင်စီ၊ ကောင်စီဝင် ဒေါ်ဒွဲဘူနှင့် ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ယနေ့မွန်းလွဲ ၂ နာရီက မြစ်ကြီးနားမြို့ ရွေးနုတ်ကယ်တင်ခြင်း ယာယီတိမ်းရှောင်စခန်း၌ ခိုလှုံနေထိုင်လျက်ရှိသော စခန်း (၉) ခုမှ အိမ်ထောင်စုများအား သွားရောက်တွေ့ဆုံ၍ အားပေးစကားပြောကြားကာ ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ တွေ့ဆုံပွဲကို မြစ်ကြီးနားမြို့၊ မန်ခိန်ရပ်ကွက်၊ ပြည်နယ်လွှတ်တော်ရုံးအနီးရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ရုံးချုပ်) ပိုင်မြေဧရိယာအတွင်း ဖွင့်လှစ်ထားသည့် ရွေးနုတ်ကယ်တင်ခြင်း ယာယီတိမ်းရှောင်စခန်း ခန်းမဆောင်၌ ကျင်းပခဲ့သည်။
ထိုသို့ တွေ့ဆုံရာတွင် ပြည်ထောင်စုအတိုင်ပင်ခံကောင်စီ ကောင်စီဝင် ဒေါ်ဒွဲဘူက မိမိတို့ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် နေရပ်ပြန်နိုင်ရေးတို့အတွက် နိုင်ငံတော်အစိုးရ၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းစဉ်များတွင် ပြည်သူအားလုံးက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း အားပေးစကား ပြောကြားခဲ့သည်။
ထို့နောက် ပြည်ထောင်စုအတိုင်ပင်ခံကောင်စီ ကောင်စီဝင် ဒေါ်ဒွဲဘူ၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရနှင့် လူမှုရေးရာဝန်ကြီး ဦးကျော်မင်းခိုင်တို့က ပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ဆောက်လုပ်ထားသော ယာယီစခန်းများ၌ လာရောက်ခိုလှုံနေထိုင်ကြသည့် ဝိုင်းမော်၊ ချီဖွေနှင့် ဗန်းမော်မြို့နယ်များမှ စခန်း (၉) ခု၊ အိမ်ထောင်စု (၆၀၉) စုတို့အတွက် ဆန် (၂၄) ပြည်ပါ ဆန်အိတ် ၂၀၀ အိတ်ကို အသီးသီး ထောက်ပံ့ပေးအပ်ခဲ့ခြင်းလည်း ဖြစ်သည်။
